Saturday, September 6, 2014

ငှက်ချောင်းဒုက္ခသည်စခန်းအား နယ်မြေတိကျသတ်မှတ်ရန် ပေါက်တောမြို့နယ်လူထုတောင်းဆို

လင်းမြတ်

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ရှိ ငှက်ချောင်း ဘင်္ဂါလီဒုက္ခသည်စခန်းအား နယ်မြေတိတိကျကျ ပိုင်းခြားသတ်မှတ်ရန်နှင့် စခန်းပြင်ပသို့ စည်းကမ်းမဲ့ ဝင်ထွက်သွားလာနေခြင်းအား သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများမှ ထိန်းချုပ်ပေးရန် ပေါက်တောဒေသခံများက တောင်းဆိုလိုက်သည်။

ယင်းတောင်းဆိုမူအား စက်တင်ဘာလ ၃ ရက်နေ့က ပေါက်တောမြို့နယ်ရှိ စိုင်းတုတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်သော ကျေးရွာပေါင်း (၂၃) ရွာမှ ကိုယ်စားလှယ်များ တက်ရောက်သည့် အစည်းအဝေးတွင် လက်မှတ်ရေးထိုးတောင်းဆိုလိုက်ခြင်း ဖြစ်သည်။

ယင်းအစည်းအဝေးကို စိုင်းတုတ်ကျွန်း၊ သလွန်တောင်ကျွန်းနှင့် အင်္ဂရားချိုင်ကျွန်းပေါ်ရှိ ကျေးရွာပေါင်း (၂၃)ရွာမှ သံဃာတော်များနှင့် ရွာသူ၊ ရွာသားများအပြင် ပေါက်တောမြို့နယ်မှ နာရေးကူညီမှုအသင်း၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူများအသင်း၊ မြို့နယ် သွေးအလှူရှင်အသင်းနှင့် မြို့နယ်အဖွဲ့ဝင်များလည်း တက်ရောက်ခဲ့ကြသည်။

ငှက်ချောင်းဘင်္ဂါလီဒုက္ခသည် စခန်းတွင် ရဲတပ်ရင်းများနှင့် စစ်တပ်မှ လုံခြုံရေးချထားသော်လည်း ဘင်္ဂါလီများက ဒုက္ခသည်စခန်းပြင်ပသို့ စည်းကမ်းမဲ့ ဝင်ထွက်သွားလာမှုများရှိနေပြီး၊ အနီးအနားရှိ စိုင်းတုတ်ကျွန်းအပါအဝင် အခြားပေါက်တောမြို့နယ် ကျေးရွာများမှ ရခိုင်တိုင်းရင်းသားများကို မကြာခဏ အုပ်စုဖွဲ့ရန်စမှုများရှိနေသဖြင့် စိုင်းတုတ်ဆရာတော် ဦးသောဘိတမှ ကျွန်းလုံးကျွတ် အစည်းအဝေးအား ဦးဆောင်ခေါ်ယူကာ ပြည်နယ်အစိုးရထံသို့ လက်မှတ်ရေးထိုး တောင်းဆိုကြခြင်း ဖြစ်ကြောင်း အစည်းအဝေးတက်ရောက်ခဲ့သူ ပေါက်တောမြို့နယ် လူမှုကွန်ရက်မှ ဦးဦးကျော်ဝင်းက ပြောသည်။

“ ခုက ဒုက္ခသည်စခန်းလို့သာဆိုတယ်။ ဘင်္ဂါလီတွေက သွားချင်တာ လျှောက်သွားနေကြတယ်။ စခန်းနဲ့ မိုင်ပေါင်းများစွာကိုလည်းသွားတာပဲ။ အုပ်စုဖွဲ့ပြီး ရခိုင်တွေကို ရန်စရှာတာတွေ လုပ်လာတော့ အဲ့ဒီကျွန်းမှာ (တိုင်းရင်းသားတွေ) အလုပ်လုပ်စားလို့ မရဖြစ်လာတယ်” ဟု ၎င်းက ပြောသည်။

ကျင်းပခဲ့သော အစည်းအဝေးမှ ငှက်ချောင်းဘင်္ဂါလီဒုက္ခသည် စခန်းအား နယ်မြေ ဧရိယာ တိတိကျကျသတ်မှတ်ပေးရန်၊ ဘင်္ဂါလီဒုက္ခသည်များအား စခန်ပြင်ပသို့ အချိန်မတော် စည်းကမ်းမဲ့ ဝင်ထွက်သွားလာခြင်းအား သက်ဆိုင်ရာမှ ထိန်းကွပ်ရန်၊ ဒုက္ခသည်စခန်းတွင် လုံခြုံရေး တာဝန်ထမ်းဆောင်သော ဝန်ထမ်းများအား သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် ကြပ်မတ် စစ်ဆေးရန် စသည့် အချက်(၃)ချက်ကို တောင်းဆိုခဲ့ကြသည်။

ယင်းတောင်းဆိုချက်များအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းထံ မကြာခင် တင်ပြ အကြောင်းကြားသွားမည်ဟု ဦးဦးကျော်ဝင်းက နိရဉ္စရာသို့ ပြောသည်။

“ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဆီကို မကြာခင် တိုက်ရိုက်တင်မယ်။ ပြီးရင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကိုလည်း အကြောင်းကြားမယ်” ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တောင်းဆိုချက်များကို တာဝန်ယူဖြေရှင်းပေးခြင်းမရှိပါက ရွာသူ၊ ရွာသားများက ဆန္ဒထုတ်ဖော်ပွဲတစ်ခု ပြုလုပ်သွားရန် အစည်းအဝေးတွင် တက်ရောက်လာသူများက ဆုံးဖြတ်ခဲ့ကြောင်း အစည်းအဝေးတွင် တက်ရောက်ခဲ့သူ စိုင်းတုတ်ရွာမှ ဦးခိုင်မိုးက ပြောသည်။

ပေါက်တောမြို့နယ်ရှိ ငှက်ချောင်းဘင်္ဂါလီဒုက္ခသည် စခန်းအနီး ဆင်အိုင်ကျေးရွာနှင့် ဂျော်ဂျီရွာ ပျက်နေရာတွင် ရဲတပ်ကင်းစခန်းများ ရှိနေပြီး၊ ငှက်ချောင်းဒုက္ခသည်စခန်းတွင် စစ်တပ်ရှိ နေသော်လည်း ဒုက္ခသည်များမှာ မကြာခဏ အပြင်သို့ထွက်ပြီး ဒေသခံများကို ရန်စမူများရှိနေကြောင်း ပေါက်တောဒေသခံများက ပြောဆိုသည်။

No comments: