Saturday, September 20, 2014

ဒီမိုကရေစီအတွက် မီဒီယာအရေးကြီးဟု အီးယူသံအမတ်ဆို

အေးမြင့်စန်း

မြန်မာနိုင်ငံအစိုးရ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ မျက်ခြည်မပြတ်စေရန်နှင့် အစိုးရ၏တာဝန်ယူမှု တာဝန်ခံမှုများ၊ အစိုးရကဏ္ဍ အသီးသီးရှိ အကျင့်ပျက်ခြစားမှုများ အပါအ၀င် မြန်မာ့ဒီမိုကရေစီ အပြောင်း အလဲတွင် အုပ်ချုပ်သူအစိုးရနှင့် အုပ်ချုပ်ခံပြည်သူအကြား သတင်းအချက်အလက်များရယူနေသည့် သတင်း မီဒီယာများသည် အရေးကြီးပြီး လွတ်လပ်ခွင့်ပေးရမည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ HE Mr. Roland Kobia က ပြောသည်။

ရန်ကုန်မြို့၊ ချက်ထရီယမ် ဟိုတယ်တွင် စက်တင်ဘာ ၁၈ ရက်တွင် ကျင်းပနေသည့် တတိယအကြိမ် မြန်မာ့မီဒီယာဖွံ့ဖြိုးမှု ကွန်ဖရင့်တွင်ပြောခြင်းဖြစ်သည်။

HE Mr. Roland Kobia က “လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်လိုသေးတယ်။ ဒီမိုကရေစီ တက်လှမ်းတဲ့ လူ့အသိုက်အဝန်းအတွက် မီဒီယာကရေးကြီးတယ်။ လွတ်လပ်စွာ ထုတ်ဖော်ရေးသားမှုက အစိုးရတာ ဝန်ခံမှုပိုရှိလာတယ်။ ပြည်သူလုထုရဲ့ ဟိုဘက်ခြမ်းမှာ ဘာလုပ်နေလဲ။ ရွေးကောက်ပွဲကဏ္ဍမှာလည်း မီဒီယာက အရေးကြီးတယ်” ဟု ပြောသည်။

ဥရောပသမဂ္ဂ သံအမတ်က မြန်မာအစိုးရ၏ လက်ရှိမီဒီယာကဏ္ဍအတွက် လွတ်လပ်ခွင့်အချို့ ဖြေလျှော့ပေးခြင်းအပေါ် ကြိုဆိုပြီး လွတ်လပ်စွာထုတ်ဖော်ရေးသားခွင့် အဆီးအတားများကို ထပ်မံဖြေလျှော့ပေးရန်နှင့် ကျင့်ဝတ်လိုက်နာသည့် သတင်းသမားများရှိရန်လည်း လိုအပ်သည်ဟုလည်း ပြောသည်။

ယင်းအပြင် မြန်မာနိုင်ငံအတွက် ပံ့ပိုးပေးမှုများနှင့် ပတ်သက်၍လည်း ၎င်းက “စစ်မှန်တဲ့ရွေးကောက်ပွဲ လေ့လာဖို့ ရွေး ကောက်ပွဲနဲ့ဆိုင်တဲ့ မီဒီယာသင်တန်းတွေ ပေးနိုင်ဖို့ မီဒီယာကဏ္ဍအတွက် ဒေါ်လာ သုံးမီလီယံ ထောက်ပံ့ပေးထားပါတယ်” ဟု ပြောသည်။

မီဒီယာလွတ်လပ်ခွင့်နှင့် ပတ်သက်၍လည်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အခြေစိုက် ဆွီဒင်သံရုံး၏ အာရှ ဒေသနှင့် မြန်မာ နိုင်ငံဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုဌာန အကြီးအကဲ Ms. Anne Charlotte Malm ကလည်း “မီဒီယာ ဖွံ့ဖြိုး မှုမရှိရင် မြန်မာနိုင်ငံ ဒီမိုကရေစီဖွံ့ဖြိုးဖို့ မဖြစ်နိုင်သလို အစိုးရကိုလည်း တာဝန်ခံခိုင်းဖို့ မဖြစ်နိုင်ဘူး။ မီဒီယာသည် ပွင့်လင်းမြင်သာမှုကို ပြနေပါတယ်။ အုပ်ချုပ်ခံနှင့်အုပ် ချုပ်သူကြားထဲက ကွာဟမှုများကို ပြနေပါတယ်။ လွတ်လပ်စွာ ရေးသားခွင့် ရှိတဲ့ မီဒီယာကြောင့် အကျင့်ပျက်ခြစားမှုကို ပယ်ဖျက်နိုင်ပါတယ်” ဟု ပြောသည်။

အဆိုပါပွဲသို့ တက်ရောက်ခဲ့သည့် ဟောင်ကော တက္ကသိုလ် Ms Yuen Ying Chanမှ ပါမောက္ခ Ms Yuen Ying Chan ကလည်း မြန်မာအစိုးရ နှင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို တရုတ်နိုင်ငံတွင်းမှ စီးပွားရေးလုပ်ငန်းပိုင်းက စိတ်ဝင်စား စောင့်ကြည့်နေပြီး သတင်းမီဒီယာကလည်း လွတ်လပ်မှုရှိ၍ ဘက်မလိုက်သော မီဒီယာကျင့်ဝတ်လိုက်နာသော စာနယ်ဇင်းဖြစ်ရန် လိုအပ်သည်ဟုလည်း ဆိုသည်။

မြန်မာ့နိုင်ငံရေး အပြောင်းအလဲ၊ ဒီမိုကရေစီ ပေါ်ထွန်လာစေရန် မီဒီယာကဏ္ဍ ဖွံ့ဖြိုးရေးက အဓိကကျသဖြင့် အစိုးရက မီဒီယာလွတ်လပ်ခွင့်ပေးမှုကို တက်ရောက်လာသည့် သံအမတ်များနှင့် မီဒီယာအဖွဲ့ များ ကလိုလားကြပြီး ကျင့်ဝတ်လိုက်နာသည့် သတင်းသမားများ ပေါ်ထွက်လာရန်လည်း ဆွေးနွေးခဲ့ကြသည်။

No comments: