Saturday, September 20, 2014

သျှမ်း/မြောက်က မူးယစ်ဆေးရောင်းဝယ်သည့် နေရာကို လက်နက်ကိုင် အဖွဲ့တဖွဲ့မှဝင်ရှင်း

မွေခေါဝ်

သျှမ်းပြည် မြောက်ပိုင်း မူစယ်မြို့ နယ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲ နေသည့် နေရာကို အမည်မသိ လက်နက်ကိုင် အဖွဲ့ တဖွဲ့က ဝင်ရောက် ရှင်းလင်းရာ ခုခံ တိုက်ခိုက် မှုများကြောင့် သေဆုံးမှု များ ရှိခဲ့ကြောင်း ဒေသတွင်း သတင်း အရ သိရှိရသည်။

စက်တင်ဘာလ ၁၇ ရက် နံနက် ၁ နာရီခန့် အမည်မသိလက်နက်ကိုင်တပ်ဖွဲ့တဖွဲ့က မူစယ်မြို့ စွန်စော်ရပ်ကွက်နှင့် ဝိန်းနန်းကျေးရွာကြားရှိ လယ်ကွင်းများအတွင်း မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲသည့် နေရာတနေရာကို ဝင်ရောက်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း စွန်စော်ရပ်ကွက်သား စိုင်းလင်းက ပြောပါသည်။

“ဝင်ရောက်ရှင်းလင်းတော့ ခုခံမှုတွေဖြစ်တယ်။ ၃ ယောက်သေတယ်။ မနက် ၈ နာရီလောက် အာဏာပိုင်တွေ သွားကြည့်တော့ အလောင်း ၂ လောင်းဘဲတွေ့တယ်။ ကချင်တယောက်၊ ဗမာ တယောက်။ တယောက်က ရေနဲ့မျောပါသွားတယ်လို့ ပြောတယ်။ သူတို့က အဲဒီရောင်းဝယ်တဲ့ နေရာမှာ ထိန်းချုပ်တဲ့သူတွေ ဖြစ်နိုင်တယ်”


မူးယစ်ဆေးဝါး သွားရောက်ဝယ်ယူသုံးစွဲသူများကိုမူ အဆိုပါ အမည်မသိလက်နက်ကိုင်အဖွဲ့က သွန်သင်ဆုံးမကာ ပြန်လွှတ်ပေးကြောင်း ဆို၏။

“မူးယစ်ဆေးဝါးတွေကို အစိုးရနဲ့ အာဏာပိုင်တွေက ပပျောက်အောင် မရှင်းလင်းပေးတော့ မူးယစ်ဆေးဝါး ပပျောက်ရေးမှာ လှုပ်ရှားနေတဲ့အဖွဲ့က လှုပ်ရှားရတာပေါ့။ မူးယစ်ဆေးဝါး ကြောင့် လူငယ်တော်တော်များများ ပျက်စီးနေပြီ။ မူးယစ်ဆေးဝါးပြဿနာက တနေ့ထက် တနေ့ ကြီးကြီးလာတယ်။ စိုးရိမ်စရာဘဲ” ဟု မူစယ်ရပ်မိရပ်ဖ လုံးဆွယ်ခမ်း က ပြောပါသည်။

မြန်မာ၊ ဗင်နီဇွဲလား၊ ဘိုလီဗီးယားနိုင်ငံသည် လွန်ခဲ့သည့်တနှစ်အတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး တာဝန်ပျက်ကွက်နေကြောင်း အမေရိကန်ပြည်ထောင်စုကလည်း ယခုအပတ်အတွင်း ထုတ်ပြန်ကြေငြာခဲ့သည်။

No comments: