Saturday, September 6, 2014

မြစ်ရေကြီးမှုကြောင့် ညောင်ဦးက ကျွန်းရွာ ရွာလုံးကျွတ် ပြောင်းရွှေ့ရ

ရွှေအောင်

ဧရာဝတီမြစ် ရေတက်တာကြောင့် မကွေးတိုင်း၊ ညောင်ဦးခရိုင်ထဲက လူဦးရေထောင်နဲ့ ချီနေထိုင်တဲ့ ကျွန်းရွာ တရွာလုံးကို ရွာလုံးကျွတ် ပြောင်းရွှေ့ထားရပါတယ်။

ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်ထဲက အရှေ့ဆယ်လံရွာမှာရှိတဲ့ အိမ်ထောင်စုပေါင်း ၂၆၅၊ လူဦးရေပေါင်း ၁၀၆၆ ဦး၊ နွား ၃၄၂ ကောင်နဲ့ မြင်းကောင်ရေ ၅ ကောင် တို့ကို စက်တင်ဘာ ၁ ရက်ကစပြီး ရွှေ့ပြောင်းခဲ့ကြရတာပါ။

စက်တင်ဘာ ၃ ရက်မှာတော့ တရွာလုံး ပြောင်းရွှေ့နိုင်ခဲ့တယ်လို့ ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးတင်ထူးမောင်က ပြောပါတယ်။

“ရေတက်လာပြီဆိုတာနဲ့ ကျနော်တို့ စပြီး ကြိုတင်ခေါ်ယူထားတယ်။ တချို့ကလည်း အိမ်ကို ရေ၀င်ပြီး ပေါင်လည်လောက်အထိ နေသေးတယ်။ ကျနော်တို့က သွားခေါ်လာတယ်။ စက်တင်ဘာ ၁ ကနေခေါ်ပြီး စက်တင်ဘာ ၃ လောက်မှ အကုန်လုံးရောက်လာတယ်။”


အရှေ့ဆယ်လံရွာဟာ ကျွန်းရွာဖြစ်တာကြောင့် ကြိုတင်ကာကွယ်လို့ မရဘဲ မြစ်ရေတက်လာရင် အခုလိုပဲ နှစ်တိုင်းလို ရွာလုံးကျွတ် ပြောင်းရွှေ့ကြရတာလို့ သူက ပြောပါတယ်။

ရွာသား ၁၀၀၀ ကျော်ကို အနီးနားမှာရှိတဲ့ တောင်ဘီရွာက ကမဘုန်းကြီးကျောင်းမှာ နေရာချထားပေးပြီး ကျန်းမာရေးစောင့်ရှောက်မှုကအစ အစစအဆင်ပြေအောင် ကြည့်ရှုစောင့်ရှောက်ထားကြတယ်လို့ သိရပါတယ်။

ရွာသား ၁၀၀၀ ကျော် စားဝတ်နေရေးအတွက် အုပ်ချုပ်ရေးဌာနနဲ့ အလှူရှင်တွေ ၀ိုင်းဝန်းထောက်ပံ့ကူညီကြတယ်လို့ ပုဂံချစ်သူများအသင်းဝင် ကိုမင်းနိုင်က ပြောပါတယ်။

“ဘုန်းကြီးကျောင်းမှာ အစိုးရဆေးပေးခန်းလေး ရှိမယ်။ စေတနာရှင် အဖွဲ့လေးတွေရှိတယ်။ လာလာပြီး လှူဒါန်းတဲ့ အဖွဲ့လေးတွေက ထမင်းလာလှူဒါန်းတာတွေလည်း ရှိတယ်။ အလှူရှင်မရှိရင်လည်း ထမင်းဆက်တိုက် လှူဒါန်းမယ်လို့ ပြောတဲ့အဖွဲ့တွေရှိတယ်။”

ဧရာဝတီမြစ်ရေဟာ ညောင်ဦးမြို့မှာ စိုးရိမ်ရေမှတ်အထက် ရှိမနေပေမယ့် ရေအီနေပြီး ပြန်မကျသေးတာကြောင့် ရွာသားတွေဟာ နောက် ၄-၅ ရက်တော့ အိမ်ပြန်နိုင်ကြဦးမှာ မဟုတ်ဘဲ ကမဘုန်းကြီးကျောင်းမှာ ဆက်လက်ခိုလှုံနေထိုင်နေကြရဦးမှာ ဖြစ်ပါတယ်။

No comments: