Saturday, September 6, 2014

မိုးခိုနေသည့် ကျောင်းသားနှစ်ဦး မိုးကြိုးထိမှန်၍ သေဆုံး

ကျော်စိုးမိုး

ကျောင်းက အပြန် တပ်ရဲဂိတ်တွင် မိုးဝင်ခိုသည့် ကျောင်းသားနှစ်ဦး မိုးကြိုးထိမှန်၍ သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု သြဂုတ် ၂၉ ရက်၊ ညနေ ၅ နာရီခွဲဝန်းကျင်က ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ရှမ်းပြည်နယ်၊ ရပ်စောက်မြို့၊ ဥတံ္ထတားရပ်ကွက်တွင် နေထိုင်သည့် အသက် ၁၃ နှစ်အရွယ် မောင်မင်းအုပ်စိုး အပါအ၀င် သူငယ်ချင်းငါးဦးသည် ကျောင်းဆင်းပြီး အိမ်သို့ ပြန်လာစဉ် မိုးရွာလာသဖြင့် တပ်ရဲဂိတ်ရှေ့ အမိုးအောက်တွင် မိုးခိုခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ မိုးခိုနေစဉ် မိုးကြိုးပစ်သဖြင့် မတ်တပ်ရပ်ကာ မိုးခိုနေသည့် အသက် ၁၃ နှစ်အရွယ် မောင်မင်းအုပ်စိုးနှင့် အသက် ၁၁ နှစ်အရွယ်ရှိ မောင်သက်လွင်ဦးတို့ နှစ်ဦးကို မိုးကြိုး ထိမှန်ခဲ့ခြင်းဖြစ်သည်။

မိုးကြိုးထိမှန်ခဲ့သဖြင့် မောင်မင်းအုပ်စိုးတွင် မျက်ကွင်းနှစ်ဖက် ညိုမဲ ဒဏ်ရာရရှိခဲ့ပြီး မောင်သက်လွင်ဦး၏ ဦးခေါင်းနှင့် ပခုံးတွင် မီးလောင်ဒဏ်ရာရရှိကာ သေဆုံးသွားခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် စစ်ဆေးနိုင်ရန်အတွက် ရပ်စောက် မြို့မရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် (၁၆/၂၀၁၄) ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက် ရှိသည်။

No comments: