Saturday, September 20, 2014

စစ်ကိုင်းနှင့်မန္တလေး မြို့ရွာအချို့ ရေကြီး၊ လူသေဆုံးမှုရှိ

ရွှေအောင်

စစ်ကိုင်းနဲ့ မန္တလးတိုင်းထဲက မြို့ရွာတချို့မှာ မိုးကြီးပြီး ရေကြီးရေလျှံမှုတွေဖြစ်ပွားလို့ လူသေဆုံးတာတွေ ရှိခဲ့ပါတယ်။စစ်ကိုင်းတိုင်း၊ ကသာခရိုင်ထဲက ကသာနဲ့ အင်းတော်မြို့တို့မှာ မိုးကြီးပြီး တောင်ကျချောင်းရေ ထိုးဆင်းလာတာကြောင့် ရေကြီးရေလျှံမှုတွေဖြစ်ပွားပြီး လူ ၃ ယောက် သေဆုံးခဲ့ပါတယ်။

စက်တင်ဘာ ၁၈ ရက်က ရွာသွန်းခဲ့တဲ့ မိုးကြောင့် ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့တဲ့အတွက် လူ ၃ ဦး ခဲ့တယ်လို့ ကသာမြို့က စာရေးဆရာ ဟာကျုလီ (ကသာ) က ပြောပါတယ်။

“၁၉ ရက်နေ့မနက် ၂ နာရီ ၅၅ မိနစ်လောက်မှာ မိုးစရွာတယ်။ မိုးရွာချိန် ၂ နာရီခွဲ ၃ နာရီလောက် ကြာတယ်။ မိုးရေချိန်က ၄ ဒသမ ၉၂ လက်မရှိတယ်။ တောင်ကျရေတအား စီးလာတာကြောင့် ကသာမြို့စွန် ပြည်သာယာရွာမှာ ချောင်းနံဘေးက အိမ်ခြေ ၅ လုံးပါသွားတယ်။ အိမ်ခြေ ၅ လုံးပါသွားတဲ့အထဲမှာ ၆ ယောက်နေတဲ့ အိမ်က အမျိုးသမီး ၂ ဦးပါ သွားတယ်။ သားအမိပေါ့၊ အမေကြီးက ၅၈ ဗျ။ သမီးက အသက် ၂၀၊ သူတို့ ၂ ယောက်ပါသွားတယ်။ မနေ့က နေ့လယ် ၁၀ နာရီလောက်မှ ဒိုက်ဖတ်တွေ သစ်ပင်တွေကြားထဲမှာ ငြိနေတဲ့ အလောင်းပြန်ရတယ်။ နေ့လယ်ပိုင်းမှာ ၄၇ နှစ်အရွယ် ကိုရန်အေးဆိုတဲ့ အလောင်းတွေ့တယ်။ အခုလောလောဆယ်တွေ့တာ ၃ လောင်းပေါ့။ ပျောက်နေတာတော့ မရှိဘူး။ နွားတွေ ပျောက်တာ၊ သေတာတော့ရှိတယ်။ လယ်မြေတွေ ပျက်စီးတာ များတယ်။ ရှိသမျှတံတား အကုန်ကျိုးတာ။ ကွန်ကရစ်တံတားရော သံတားရော။”


ကသာမှာ ရေကြီးတာ ဖြစ်ပွားဖူးပေမယ့် အခုလို အဖြစ်မျိုး တခါမှ မကြုံဖူးပဲ သဘာဝပတ်ဝန်းကျင် ပျက်စီးကုန်တာကြောင့် ဒီလို ဖြစ်လာတာလို့ သူက မှတ်ချက်ပေး ပြောပါတယ်။

အင်းတော်မှာလည်း ဒီနေ့မနက်အစောပိုင်းမှာ ချောင်းရေတိုးပြီး တမြို့လုံး ရေကြီးခဲ့တယ်လို့ ကသာခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုရှင်းသန့်က ပြောပါတယ်။

“မနေ့က ၅ နာရီခွဲ ၀န်းကျင်လောက် အင်းတော်ချောင်းက ရေလျှံပြီးတော့ မြို့ထဲကို လွှမ်းသွားတာ။ ဈေးတွေရော ဧရိယာမှန်သမျှ တော်တော်လွှမ်းသွားတယ်။ ဈေးဆိုလို့ရှိရင် ရေက ၂ ပေ ၃ ပေလောက် တက်တယ်။ သူရေကြီးတာက ချက်ချင်းတက်ပြီး နာရီဝက်အတွင်း ကျသွားတာ။ ကျနော်တို့ နားလည်တာက အထက်ပိုင်း ကချင်ပြည်နယ်မှာ သဘာဝပတ်ဝန်းကျင် တောတောင်တွေ ပြုန်းတီးတဲ့ အကျိုးဆက်ကြောင့်လို့ ထင်တယ်ဗျ။”

အင်းတော်မှာ ၁၉၉၆ ခုနှစ်တုန်းက တကြိမ် ရေကြီးဖူးပေမယ့် အခုလောက် မဆိုးဘူးလို့လည်း သူက ပြောပါတယ်။

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်ထဲက ကျေးရွာတချို့မှာလည်း အလားတူ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပါတယ်။

မနေ့က လင်းအားကြီးအချိန် မိုးကြီးပြီး ရွှေတူးဖော်ရေးဖက်စပ်လုပ်ကွက်တခုက ပိတ်ထားတဲ့ ချောင်းတမံကျိုးကျခဲ့ရာက ရေမြတ်ရွာက လူ ၄ ယောက်ပျောက်ဆုံးနေပြီး ကလေးတယောက်အလောင်းပဲ ပြန်ရသေးတယ်လို့ စဥ့်ကူး အန်အယ်လ်ဒီပါတီ သတင်းပြန်ကြားရေးတာဝန်ခံ ကိုမောင်မောင်ဝင်းက ပြောပါတယ်။

“ရွှေလုပ်ကွက် ဖက်ဆက်ကုမ္ပဏီတခုရှိတယ်။ အဲဒီက ချောင်းကို ပိတ်တာ။ ပိတ်တော့ ဒေသခံတွေက တားတယ်လို့ ကြားတယ်။ သူတို့က လုပ်တော့ မိုးရွာလိုက်တဲ့အချိန်မှာ ချောင်းကို ရိုက်ထားတဲ့ တမံက မနိုင်ပဲ ပွင့်ကျသွားပြီးတော့ သဲတွေက ရွာထဲကို အကုန်လုံး အိမ်တွေကို ၈ ပေ ၉ ပေလောက် လွှမ်းသွားပြီးတော့ ၄ ယောက် မျောပါသွားတယ်။ ကလေး ၁ ယောက် အလောင်းတော့ ပြန်ရတယ်။ ၃ ယောက်တော့ ပြန်မရသေးဘူး။ သဲဖုံးသွားသလား၊ ရေနဲ့ မျောပါသွားသလားတော့ မသိဘူး။ သေတာက ရေမြတ်က ၄ ယောက် သေတာ။”

စဥ့်ကူးမှာ မိုးကြီးပြီး ရေကြီးတာ ဖြစ်ပွားတတ်ပေမယ့် အခုလို ဖြစ်တာတော့ ဒါပထမဆုံး ဖြစ်တယ်လို့လည်း ပြောပါတယ်။

လူသေဆုံးခဲ့တဲ့ ရေမြတ်ရွာမှာ အိမ်ခြေ ၁၀၀ လောက်ရှိပြီး အားလုံးလောက်နီးနီး ပျက်စီးခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်က တိုင်ဖုန်းမုန်တိုင်း အကြွင်းအကျန် တိမ်တိုက်တွေကြောင့် စစ်ကိုင်းတိုင်းအောက်ပိုင်းဒေသ အပါအ၀င် ဒေသတချို့မှာ မိုးကြီးပြီး မြေပြိုမှုတွေ ဖြစ်ပွားနိုင်တယ်လို့ မိုးလေ၀သဌာနက ကြေညာထားပြီး ရက်ပိုင်းအတွင်းမှာ အခုလို ဖြစ်ပွားတာပါ။

No comments: