Saturday, September 20, 2014

အခွန်ထမ်းကိုယ်တိုင် ကျသင့်အခွန်ကို အွန်လိုင်းတွင် အောက်တိုဘာလမှစ၍ ခန့်မှန်းတွက်ချက်နိုင်မည်

သီဟကိုကို

အခွန်ထမ်းကိုယ်တိုင် ကျသင့်သည့် အခွန်ကို အွန်လိုင်းမှတစ်ဆင့် ခန့်မှန်းတွက်ချက်နိုင်သည့် Tax Calculator စနစ်ကို အောက်တိုဘာလတွင် စတင်ဆောင်ရွက်ပေးနိုင်မည်ဟု ပြည်တွင်းအခွန်များဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြည်တွင်းအခွန်များဦးစီးဌာန၏ တရားဝင်ဝက်ဘ်ဆိုက်တွင် Tax Calculator စမ်းသပ်စနစ်ကို ထည့်သွင်း ထားပြီး အခွန်ထမ်းက မိမိကျသင့်မည့် ဝင်ငွေခွန်ပမာဏကို ယင်းဝက်ဘ်ဆိုက်သို့ ဝင်ရောက်တွက်ချက်နိုင်ရန် စီစဉ်ပေးထားသည်ဟု ၎င်းက ဆိုသည်။

ထို့ပြင် ဝင်ငွေခွန်ကြေညာလွှာ၊ သုံးလပတ် ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာတို့ကိုလည်း အွန်လိုင်းမှ တစ်ဆင့် လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက “အခုစပြီးတော့ စမ်းသပ်ထားတယ်။ အောက်တိုဘာလမှာ အပြည့်အ၀လည်ပတ်နိုင်အောင် ဆောင်ရွက်နေတယ်။ အခွန်ထမ်းဘက်က မိမိကျသင့်တာကို ခန့်မှန်းတွက်လို့ရတယ်။ ဝင်ငွေခွန် ကြေညာလွှာတို့အတွက်လည်း ရုံးကိုလာစရာမလိုတော့ဘူးပေါ့” ဟု ပြောသည်။

အခြေပစ္စည်းဝယ်ယူခြင်းကို အခွန်တွက်ချက်ခြင်း၊ ပို့ကုန်သွင်းကုန်လုပ်ငန်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ ပြည်တွင်းရောင်းဝယ်ရေးလုပ်ငန်း၊ လက်ခစားလုပ်ငန်း၊ အခြေခံပစ္စည်းမှ မြတ်စွန်းငွေ၊ လစာငွေတို့အတွက် ကျသင့်ဝင်ငွေခွန်ကို အခွန်ထမ်းကိုယ်တိုင် ခန့်မှန်းတွက်ချက်လာနိုင်မည်ဖြစ်သည်။

အိမ်ခြံမြေ၀ယ်ယူရောင်းချခြင်း၊ တည်ဆောက်ခြင်းလုပ်ငန်းများ၊ မော်တော်ယာဉ် ၀ယ်ယူရောင်းချခြင်း စသည့်လုပ်ငန်းကဏ္ဍအချို့အတွက် အခွန်မည်သို့ပေးဆောင်ရမည်ကို ရှင်းလင်းထားပြီး အောက်တိုဘာလ၌ လုပ်ငန်းကဏ္ဍအလိုက် အခွန်မည်သို့ထမ်းဆောင်ရမည့် အချက်အလက်များအားလုံးကို ထည့်သွင်းပေး ထားမည်ဟု ပြည်တွင်းအခွန်များဦးစီးဌာနက ပြောသည်။

No comments: