Saturday, September 6, 2014

အဋ္ဌမအကြိမ်ပုံမှန် ကယားပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ဥပဒေကြမ်း သုံးခုဆွေးနွေးသွား

ကယားထဲ

ပထမအကြိမ်ကယားပြည်နယ်လွှတ်တော် အဋ္ဌမအကြိမ်ပုံမှန်အစည်းအဝေး ပထမနေ့တွင် ဥပဒေကြမ်း သုံးခုကိုအဆိုတင်သွင်းဆွေးနွေးခဲ့ကြသည်ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှဦးရီးချက်က ပြောသည်။

၎င်းဥပဒေကြမ်းသုံးခုမှာ ကယားပြည်နယ် သဘာဝမြေသြဇာများ စနစ်တကျ ထုတ်လုပ်သုံးစွဲရေးဥပဒေကြမ်း ၊ ကယားပြည်နယ်ကုန်တင်ကုန်ချလုပ်ငန်းဥပဒေကြမ်း၊ ကယားပြည်နယ် ရေချိုငါးလုပ်ငန်းဥပဒေကြမ်းတို့ ကိုပြည်နယ်လွှတ်တော်သို့ တင်သွင်းခဲ့ကြခြင်းဖြစ်သည်။

“နောက်ပိုင်း နည်းဥပဒေတွေထွက်နိုင်ဖို့ အဲဒီဥပဒေကြမ်းတွေကို ဥပဒေပြုရေးရာကော်မတီတို့ ဌာနဆိုင်ရာတို့ ဥပဒေပြုရေးရာ အကြံပေးကော်မတီတို့တွေနဲ့ ထပ်ဆွေးနွေးရမယ်” ဟု ဦးရီးချက်က ပြောသည်။

ကယားပြည်နယ် ရေချိုငါးလုပ်ငန်းဥပဒေကြမ်းနှင့် သဘာဝမြေသြဇာများ စနစ်တကျ ထုတ်လုပ်သုံးစွဲရေးဥပဒေကြမ်းကို စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီးဦးပိုးရယ်ရန်အောင်မှ အဆိုတင်သွင်းခဲ့ခြင်းဖြစ်ပြီး ကယားပြည်နယ်ကုန်တင်ကုန်ချလုပ်ငန်းဥပဒေကြမ်းကို စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးတော့ရယ်တို့က အဆိုတင်သွင်းခဲ့ကြခြင်းဖြစ်သည်။

အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ဥက္ကဌမှ ဌာနဆိုင်ရာဝန်ကြီးဌာနများအလိုက် ဥပဒေကြမ်းများ ရေးဆွဲတင်ပြနိုင်ရေးအတွက် တိုက်တွန်းသွားသည်ဟု သိရသည်။ အဋ္ဌမအကြိမ်ပုံမှန်အစည်းအဝေး ကို နှစ်ရက်သာကျင်းပသွားမည်ဖြစ်ကြောင်းနှင့် ဒုတိယနေ့အစည်းအဝေးကို စက်တင်ဘာလ ၈ ရက်နေ့တွင်ပြန်လည်စတင်မှာဖြစ်ပြီး စည်ပင်သာယာရေးနည်းဥပဒေများရေးဆွဲရေး ဆွေးနွေးသွားရန် ရှိသည်ဟု သိရသည်။

ကယားပြည်နယ်လွှတ်တော်အတည်ပြုလိုက်ပြီးဖြစ်သော ဥပဒေများမှာ ၄ ခုရှိပြီး ၎င်းတို့မှာ ပုဂ္ဂလိကယာဉ်များ စနစ်တကျပြေးဆွဲရေးဥပဒေ ၊ ကျေးရွာထင်းစိုက်ခင်း ဥပဒေ၊ မီးဘေးနှင့် သဘာဝအန္တရယ် ကြိုတင်ကာကွယ်ရေး နှင့် စည်ပင်သာယာနဲ့ ဆိုင်တဲ့ဥပဒေတို့ဖြစ်သည်။

ယနေ့စက်တင်ဘာလ ၅ ရက်နေ့တွင်ကျင်းပသည့် ပြည်နယ်လွှတ်တော် အဋ္ဌမအကြိမ်ပုံမှန်အစည်းအဝေးသို့ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ရသုံးမှန်းခြေ လုပ်ငန်းအဖွဲ့ဝင်၊ စည်ပင်ဌာန၊ ငါးလုပ်ငန်း၊ စိုက်ပျိုးရေးဌာန၊ တိုင်းရင်းသားကော်မတီအဖွဲ့ဝင်များ၊ ဥပဒေလေ့လာ စိစစ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဥပဒေပြုရေးကော်မတီအဖွဲ့ဝင်များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

No comments: