Saturday, September 6, 2014

ဦးဆန်းဆင့် ၀မ်းကိုက်ရောဂါ ပြင်းထန်စွာ ခံစားနေရဟုဆို

အောင်သူရထွန်း

နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ယုံကြည်အပ်နှံအလွဲသုံးမှုတို့ဖြင့် နေပြည်တော်၊ ဒက္ခိဏခရိုင်တွင် တရား ရင်ဆိုင်နေရသော ဦးဆန်းဆင့်သည် ရမည်းသင်းအကျဉ်းထောင်တွင် ၀မ်းကိုက်ရောဂါပြင်း ထန်စွာခံစားခဲ့ ရသည်ဟု ၎င်း၏ရှေ့နေ ဦးတင်ထွန်းက အတည်ပြုပြောကြားသည်။

ဦးဆန်းဆင့်၏ အမှုများကို ရှေ့နေအဖြစ်ဆောင်ရွက်နေသူ တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းက “မနေ့ ကရမည်းသင်း အကျဉ်းထောင်မှာ အကြိမ်ကြိမ်ဝမ်းသွားတယ်၊ အခုရုံးတော်မှာလဲ ခဏခဏသွားတော့ အင်အားမရှိဖြစ်သွားတယ်” ဟု မီဒီယာများသို့ ပြောသည်။

ဒက္ခိဏခရိုင်တရားရုံးတွင်လည်း ၀မ်းခဏခဏဆက်သွားနေသဖြင့် ခရိုင်တရားသူကြီးထံ တင်ပြရာ တရားသူကြီးက အနားယူရန် နားနေခန်းတွင် ထားပေးသည်ဟု ဦးတင်ထွန်းက ဆိုသည်။

စက်တင်ဘာလ ၅ ရက်နေ့ ၁၄ ကြိမ်မြောက်ပြန်ခေါ်သက်သေများစစ်ဆေးရန် ရုံးချိန်းတွင် ပုဒ်မ ၄၀၉ အတွက် ဒုတိယ ညွှန်ကြားရေးမှူး ဦးဌေးလွင်နှင့် ပုဒ်မ ၁၂၄ (က)အတွက် ရဲမှူးကြီးခင်ဌေးတို့နှစ်ဦးသာ စစ်ဆေးပြီးချိန်၌ ဦးဆန်းဆင့်၏ ကျန်းမာရေးအရ စစ်ဆေးမှုရပ်ဆိုင်းခဲ့သည်။

ထို့အပြင် ဦးတင်ထွန်းက “ရမည်းသင်းထောင်က ထောင်ဆရာဝန်ကြီးပါ လိုက်လာပါတယ်။ ဟိုမှာက တည်းက ဦးဆန်းဆင့် ၀မ်းတွေအကြိမ်ကြိမ်သွားလို့ပါ” ဟု ပြောသည်။ယနေ့ ရုံးချိန်းတွင် ပြန်ခေါ်သက်သေအများစု ရောက်ရှိခဲ့သော်လည်း ဦးဆန်းဆင့်၏ ကျန်းမာရေးကြောင့် ပြန်ခေါ်သက်သေနှစ်ဦးသာ စစ်ဆေးခဲ့ပြီး စက်တင်ဘာလ ၉ ရက် အင်္ဂါရုံးချိန်းမှသာ ကျန်သက်သေများ စစ်ဆေးမည် ဖြစ်သည်။

ဝန်ကြီးတာဝန်ထမ်းဆောင်စဉ်ကတည်းက နှလုံးရောဂါ၊ ကျီးပေါင်းရောဂါတို့ ခံစားနေရပြီး ယခု သွေးတိုးရောဂါ ထပ်မံခံစားနေရသော ဦးဆန်းဆင့်သည် ၀မ်းကိုက်ရောဂါပါ ပြင်းထန်စွာ ရုတ်တရက် ခံစားနေရသည်။

No comments: