Wednesday, September 3, 2014

၂၅ ရာခိုင်နှုန်းအခွန်စနစ် ဖြစ်ပေါ်လာမည်ကို နိုင်ငံခြားသားအိမ်ငှားထားသူများ စိုးရိမ်နေ

နိုင်နိုင်ဇော်

ယခုဘဏ္ဍာနှစ်မှ စတင်ကာ အိမ်ငှားလုပ်ငန်း လုပ်ကိုင်သူများကို ၂၅ ရာခိုင်နှုန်း ၀င်ငွေခွန်ကောက်ယူမည်ဟု သတင်းများ ထွက်ပေါ်လာခြင်းအပေါ် နိုင်ငံခြားသားများအား ငှားရမ်းထားသည့် လုပ်ငန်းရှင်များ စိုးရိမ်မှုများရှိနေကြောင်း ပြည်တွင်းအိမ်ခြံမြေ လုပ်ငန်းရှင်များက ပြောသည်။

အလုပ်အကိုင် အခွင့်အလမ်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကြောင့် ရန်ကုန်မြို့ အိမ်ငှားဈေးကွက် နှစ်စဉ် မြင့်တက်နေပြီး နိုင်ငံခြားသားများကို ငှားရမ်းထားသည့် ကွန်ဒို၊ လုံးချင်းများနှင့် ဂိုဒေါင်များ၏ ငှားခများမှာ အဆမတန် မြင့်တက်နေရာ အခွန်ဆောင်ရငွေ များပြားနိုင်ခြင်းကြောင့် ငှားရမ်းသည့်ပိုင်ရှင်များ စိုးရိမ်နေခြင်းဖြစ်သည်။

အိမ်ခြံမြေ လုပ်ငန်းမန်နေဂျာတစ်ဦးက “အခု အခွန်က ဆောင်ရတော့မှာဖြစ်တဲ့အတွက် နိုင်ငံခြားသားတွေကို ငှားတဲ့သူတွေ စိုးရိမ်တာလည်း မပြောနဲ့။ သူတို့တွေရဲ့ တစ်လ ငှားရမ်းခ၀င်ငွေက အများကြီးရှိတယ်။ အခွန်ဆောင်ရမယ်ဆိုရင် မနည်းတဲ့အတွက် ငှားသူတွေက စိုးရိမ်နေကြတာပါ”ဟု ဆိုသည်။

ငှားရမ်းဝင်ငွေ၏ ၂၅ ရာခိုင်နှုန်း အခွန်နှုန်းထားသတ်မှတ်မှုမှာ တရားဝင်ဥပဒေအဖြစ် ထွက်ရှိလာခြင်း မရှိသေးသော်လည်း လုပ်ငန်းရှင်အများစုမှာ စိုးရိမ်နေကြခြင်းဖြစ်သည်ဟု အိမ်ခြံမြေလုပ်ငန်းရှင်များက ပြောသည်။

အိမ်ခြံမြေဥပဒေအကျိုးဆောင် ဒေါ်ဆွေဆွေညွန့်က “ဒီ ၂၅ ရာခိုင်နှုန်းက ဥပဒေအဖြစ်တော့ မထွက်သေးပေမယ့် အပြင်မှာ တော်တော်လေး လူပြောများနေတယ်။ ဒီအတိုင်းသာ ကောက်ရင် လူတွေ အခွန်ရှောင်ဖို့တွေ နည်းလမ်းရှာလာမှာပဲ။ အခု အဲဒီသတင်းက မသေချာသေးလို့ အိမ်ခြံမြေ အငှားစာချုပ်တွေမှာ အဲဒီအချက်ကို ခြွင်းချက်ထား လုပ်နေရတယ်”ဟု ဆိုသည်။

ပြည်တွင်းအခွန်များဦးစီးဌာန တာဝန်ရှိသူများ၏ ပြောဆိုမှုအရ နိုင်ငံခြားသားများနှင့် NGO များ၏ ငှားရမ်းနေထိုင်မှုများ မြင့်တက်နေသော်လည်း အိမ်ခြံမြေမှရရှိသည့် အခွန်ငွေမှာ တစ်နှစ်လျှင် ကျပ် ဘီလီယံ ၁၀၀ ၀န်းကျင်သာ ရရှိခြင်းကြောင့် အခွန်ငွေ ပိုမိုရရှိစေရန် စက်မှုဇုန်များနှင့် အောက်ခြေ မြို့နယ်အလိုက် အခွန်ပညာပေးမှုများ လုပ်ဆောင်နေပြီး အိမ်ငှားခ အခွန်များကိုလည်း ပြင်ဆင်ရန် လုပ်ဆောင်နေခြင်းဖြစ်သည်။

အိမ်ခြံမြေအကျိုးဆောင် ကိုပိုင်စိုးက “အခုတောင် လူတွေက စာချုပ်တွေမှာ တကယ့်တန်ဖိုးထက် လျှော့ချပြီး လုပ်ကိုင်တာတွေ ရှိနေပြီ။ ဒီနှုန်းသာ အတည်ဖြစ်ရင် ပိုတောင်ဆိုးဦးမယ်”ဟု ဆိုသည်။

No comments: