Sunday, September 7, 2014

UNFCမှ KNU ယာယီနုတ်ထွက်မှုကို ကရင်လူထုအားရှင်းလင်း

ဖနိဒါ

ကရင်အမျိုးသားအစည်းအရုံး (KNU)အနေဖြင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)၏ အဖွဲ့ဝင်အဖြစ်မှ ယာယီ ရပ်ဆိုင်းခဲ့သည့်အပေါ် ကရင် ရပ်မိရပ်ဖများကို ကရင်ပြည်နယ် ဘာအံ့မြို့တွင် ရှင်းပြခဲ့သည်ဟု KNU ၏ ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် ပဒိုစောတာဒိုမူးက မဇ္ဈိမကို ပြောသည်။

ဘာအံ့မြို့ ကြားတောရကျောင်းတိုက်တွင စက်တင်ဘာလ ၄ ရက်နှင့် ၆ ရက်တို့တွင် ကရင်စည်းလုံးရေး နှင့်ငြိမ်းချမ်းရေး ကော်မတီ (KUPC )က ဖက်ဒရယ်စနစ် အကြောင်းကို နိုင်ငံရေးပါတီဝင်များ၊
ရပ်မိရပ်ဖတို့နှင့် တွေ့ဆုံဆွေနွေးပွဲအတွင်း KNU ၏ လက်ရှိ ဖြစ်ပွားနေမှုများကို အခြေအနေများကို ရှင်းပြခဲ့ခြင်း ဖြစ်သည်ဟု ပဒိုစောတာဒိုမူး ပြောသည်။

“ကျွန်တော်တို့က ယူနတီကို ဖက်ဒရယ် တည်ဆောက်ကြတဲ့အခါ ကြတော့ ကျွန်တော်တို့ ကရင်community (အသိုင်းအဝိုင်း) ထဲမှာလည်း နေရာဒေသ၊ ဘာသာ၊ အယူအဆ မတူတာတွေ အမျိုးမျိုးရှိတယ်။ အဲဒါကို အခြေခံတဲ့အတွက် UNFC မှ အဖွဲ့ဝင်မှ နုတ်ထွက်တဲ့ ပြဿနာကလည်း ခုနပြောတဲ့ ဒီမိုကရေစီမကျတဲ့ ကိစ္စတွေကို ရှင်းပြခဲ့တယ်”ဟု သူက ပြောသည်။

ပြည်သူလူထုအနေဖြင့် KNU၏ အခြေအနေများကို ရှင်းပြရန် မျှော်လင့်နေသောကြောင့် ယခုကဲ့သို့ ရှင်းပြခြင်းဖြစ်ပြီး KNU ၏ နိုင်ငံရေး ရပ်တည်ချက်အပေါ် ပြည်သူလူထုက အသိအမှတ်ပြုသည်ဟု သူက ဆက်လက် ပြောဆိုသည်။

“လူထုက ပထမတော့ နည်းနည်းအံ့အားသင့်သွားတာပေါ့နော်။ ဒါပေမဲ့ သူတို့ပြောတာက ကျွန်တော်တို့ ယုံကြည်ပါတယ်။ ကေအန်ယူကတော့ တော်ရုံတန်ရုံ အချက်အလက် မခိုင်မာဘဲနဲ့တော့ ဘာမှ မလုပ်ပါဘူး ဆိုတာကိုတော့ ယုံကြည်တယ်။ ခုရှင်းပြလိုက်တော့မှဘဲ သူတို့ အားလုံးကျေကျေလည်လည် သိသွားပြီးတော့ ကေအန်ယူရဲ့ ရပ်တည်မှုကို သူတို့ ထောက်ခံပါတယ်။ ကေအန်ယူရဲ့ လက်ရှိ နိုင်ငံရေး အခြေအနေအပေါ်မှာ ဒီ့ထက် ပိုပြီးတော့ ထဲထဲဝင်ဝင် လုပ်ကိုင်စေချင်တယ်ဆိုတဲ့ feedback တွေ ပေးပါတယ်။ ဒါကိုတော့ တုံ့ပြန်ကြတယ်”ဟု ပြောသည်။

အစိုးရနှင့် KNU တို့ အပစ်အခတ် ရပ်စဲရေးသဘောတူ လက်မှတ်ရေးထိုးမှုတွင် ငြိမ်းချမ်းရေးအတွက် အစိုးရ၊ ပြည်သူလူထုနှင့် KNU ဟူသော သုံးပွင့်ဆိုင်အခြေခံ၍ လုပ်ဆောင်သွားမှ အောင်မြင်မည်ဟု ပါရှိသည်။

၂၀၁၃ ခုနှစ် မတ်လအတွင်းက ဖွဲ့စည်းထားသော KUPC သည် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်းနှင့် အထက်မြန်မာပြည်ကရင်များမှ ကိုယ်စားလှယ်များ ပါဝင်သည့် ညီလာခံမှ ၃၇ ဦးပါ ကိုယ်စားလှယ်များဖြင့် စတင်ဖွဲ့စည်းခဲ့သည်။

ထိုအဖွဲ့တွင် KNU ကိုယ်စားလှယ်အဖြစ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ ဖြစ်သော စောတာဒိုမူး၊ စောလှထွန်း၊ ပဒိုမန်းငြိမ်းမောင် အပါအဝင် ၄ ဦး ပါဝင်သည်။

No comments: