Sunday, September 7, 2014

တပ်သိမ်း မြေယာကိစ္စ ကယားပြည်နယ်အစိုးရနှင့် လွှတ်တော် တရားနည်းလမ်းအရ ဖြေရှင်းစေလို

ကယားထဲ

ကယားပြည်နယ်အတွင်း စစ်တပ်မှ သိမ်းဆည်းထားသော လယ်ယာမြေကိစ္စ လွှတ်တော် ကိုယ်စားလှယ်များနှင့် အစိုးရအဖွဲ့ဝင်များက တရားနည်းလမ်းအရဆောင်ရွက်ပေးစေလိုကြောင်း ဖရူဆိုမြို့နယ်ရှိ မြေသိမ်းဆည်း ခံရသော ဒေသခံ တောင်သူဦးကြီးများများက ပြောဆိုနေကြသည်။

ဖရူဆိုမြို့နယ် အခြေစိုက် ခမရ(၅၃၁)မှ ဆိုလျားကူးကျေးရွာ တောင်သူများ လုပ်ကိုင်လျက်ရှိသော တောင်ယာ မြေဧက (၈၀၀) ကျော်ကို သိမ်းဆည်းခဲ့ခြင်းကြောင့် ၎င်းတောင်ယာများ ပြန်လည်ရရှိရေးအတွက် တောင်သူ ဦးကြီးများက ပြန်လည် တောင်းဆိုထားခြင်း ကိစ္စတွင် ပြည်သူဘက်မှရပ်တည် ဆောင်ရွက်ပေးလိုသည်ဟု ဦးအန်ထော်နီတူရယ် ပြောသည်။

“ဥပဒေက သီးခြား လွတ်လွတ်လပ်လပ် ဖြစ်နေသလို ဖြစ်နေတယ်။ အသက်ဝင်ဖို့သင့်ပြီ ဥပဒေအထက်မှာ ဘယ်သူမှ မရှိစေချင်ဘူး”ဟု ဦးအန်ထော်နီတူရယ်က ဆိုသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၉ ရက်နေ့တွင် ဒေသကွပ်ကဲရေး စစ်ဌာနချုပ် (လွိုင်ကော်) မှ ဗိုလ်မှူးချုပ်စောမင်းက ခမရ (၅၃၁) တပ်ရင်း၌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖရူဆိုမြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် ဒေသခံရွာသား နှစ်ဦးတို့ကို ခေါ်ယူ တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့ရာ စစ်တပ်မှ သိမ်းထားသည့် မြေယာများကို လုံးဝပြန်မပေးနိုင်ကြောင်း အမိန့်ဖြင့် ပြောဆိုသွားခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် ဘာမျှပြန်မပြောနိုင်ခဲ့ကြောင်း အစည်းအဝေး တက်ရောက်ခဲ့သည့် တောင်သူဦးကြီး ဦးဆူရယ်က ပြောသည်။

အစိုးရနှင့်လွှတ်တော်ကိုယ်စားလှယ်များက ပြည်သူများကရွေးကောက်တင်မြောက်လိုက်သည့်သူများ ဖြစ်သည့်အတွက် ပြည်သူများ၏ အရေးကိစ္စတွင် တာဝန်ယူဖြေရှင်းပေးစေလိုခြင်းဖြစ်သည်။ စစ်တပ်၏ သြဇာခံနေရလျှင် ပြည်သူများ၏ အားကိုးယုံကြည်မှု လျော့နည်း လာစေပြီး လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ရွေးခြယ်ခံနိုင်မည်မဟုတ်ပါ။

လက်ရှိ စစ်တပ်နှင့် မြေယာသိမ်းဆည်းမှုဖြစ်ပွားလျက်ရှိသည့် သူများအတွက် ဥပဒေနှင့်အညီဆောင်ရွက်ပါက ပြည်သူများနှစ်နာသွားစေမည့် အခြေအနေဖြစ်သွားစေနိုင်သည်ဟု ဖရူဆိုမြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးရီးချက်က ပြောသည်။

“လွှတ်တော်တင်သွင်းတာ မရှိသေးဘူး။ ပြည်သူဘက်ကနေတော့ အကြံပြုပေးတာပေါ့။ ဖြေရှင်းပေးတယ်ဆိုတော့ ဥပဒေလမ်းကြောင်းသွား မယ်ဆိုရင်လည်း ပြည်သူဘက်ဘဲနှစ်နာမယ်။ ညှိနှိုင်းနိုင်ဖို့ ပိုကောင်းတာပေါ့”ဟု ပြောသည်။

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေးအတွက် လွှတ်တော် ကိုယ်စားလှယ်များ ပွင့်လင်းမြင်သာစွာ ရှင်းလင်းဆောင်ရွက်ရန် သမ္မတက ပြည်ထောင်စု လွှတ်တော်ရုံး ၂၀၁၄ ခုနှစ် မတ် ၃ ရက်နေ့တွင် စာအမှတ်၊ ၁/ပထ (စည်းဝေး) ၉ / ၂၀၁၄ - ၃၁ ဖြင့် ညွန်ကြားထားပြီး ဖြစ်သော်လည်း လက်တွေ့တွင် ဥပဒေနှင့်အညီ ဆောက်ရွက်မှု မပြုလုပ်နိုင်သေးကြောင်း သိရသည်။

ကယားပြည်နယ်အတွင်း လက်ရှိစစ်တပ်မှ သိမ်းဆည်းထားသော မြေယာများမှာ လွိုင်ကော်မြို့နယ် အတွင်း၌ ခလရ(၂၅၀)နှင့် အမှတ်(၃၆၀) အမြောက်တပ်၊ ဖရူဆိုမြို့နယ်အတွင်းတွင် စစ်ရေး လေ့ကျင့်ကျောင်း တည်ဆောက်ရန် ဧက ၂၇၀၀ ကျော်နှင့် ဆိုလျားကူးရွာတွင် ခမရ (၅၃၁) သိမ်းဆည်းထားသော ဧက ၈၀၀ကျော်ရှိပြီး၊ ဒီးမော့ဆိုမြို့နယ်အတွင်း၌လည်း ခလရ(၁၀၂)က ကျေးရွာပိုင်မြေများကို သိမ်းဆည်း ထားဆဲဖြစ်သည်။

တပ်ရင်း တပ်စခန်း နှင့်ဝေးပြီး စစ်တပ်မှ အသုံးမပြုသည့် လယ်ယာမြေတစ်ချို့တစ်ဝက်ကိုမူ ပြည်သူများထံ ပြန်လည်လွှဲအပ်ထားကြောင်း သိရသည်။

No comments: