Monday, October 6, 2014

ဘင်္ဂလီ ၂၄၁၅ ဦးကို ပြန်ခေါ်မည့်ကိစ္စ ကန့်ကွက်ဆန္ဒထုတ်ဖော်ရန် ရသေ့တောင်မြို့လူထု ခွင့်ပြုချက်တင်မည်

လမင်းထွန်း

မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည်ဟုဆိုကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နေထိုင်လျှက်ရှိသည့် ဘင်္ဂလီ ဦးရေ ၂၄၁၅ ဦးအား ရခိုင်ပြည်နယ်အတွင်းသို့ ပြန်လည်ခေါ်ယူမည်ဟု ဘင်္ဂလား ဒေ့ရှ်အစိုးရနှင့် မြန်မာအစိုးရဘက်မှ ဝန်ကြီးဌာနတချို့တို့ သဘောတူညီမှု ရယူထားသည့်ကိစ္စကို ရသေ့တောင်မြို့နယ်မှ ကန့်ကွက်ရန် စက်တင်ဘာလ ၈ ရက်နေ့တွင် ခွင့်ပြုချက်တင်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆန္ဒဖော်ထုတ်မှုအတွက် ခွင့်ပြုချက်ကိုရရှိပါက စက်တင်ဘာလ ၁၄ ရက် တနင်္ဂနွေနေ့တွင် ရေသေ့တောင်မြို့နယ် အတွင်း၌ လက်မခံကြောင်း ဆန္ဒဖော်ထုတ်သွားမည်ဖြစ်ကြောင်းနှင့် ယင်းဘင်္ဂလီများအား အစိုးရအနေဖြင့်ခေါ်ယူမည်ဆိုပါက ရခိုင်ပြည်နယ်အတွင်း မထားရှိရန်တောင်းဆို သွားမည်ဖြစ်ကြောင်း ဦးဆောင်သူ ဦးကိုကိုမောင်ကပြောသည်။

" ရခိုင်ပြည်ဟာ ဘင်္ဂလီပြည်လို ဖြစ်နေပါပြီ။ အဲဒီဘင်္ဂလီလူမျိုး ၂၄၁၅ ဦးကို အစိုးရက နိုင်ငံရေး အခြေအနေအရ လက်ခံခြင်း မခံခြင်းကို ကျွန်တော်တို့ မပြောလိုဘူး။ တကယ်လို့ ခေါ်မယ်ဆိုရင်လည်း ရခိုင်ပြည်မှာ မထားဖို့ကို အဓိကတောင်းဆိုသွားမှာပါ။ ရခိုင်ပြည်မှာရှိနေတဲ့ ဘင်္ဂလီတွေရဲ့ကိစ္စကိုတောင် မရှင်းနိုင်သေးဘဲ နောက်ထပ်လက်ခံမယ်ဆိုရင် အဲဒါကျွန်တော်တို့ ရခိုင်လူမျိုးကို အားမနာပြုတာပါပဲ " ဟု ဦးကိုကိုမောင်ကဆိုသည်။

ယင်းဘင်္ဂလီများမှာ ရခိုင်ပြည်နယ်အတွင်း နေထိုင်ခဲ့သူများဖြစ်ပြီး ယခင်အစိုးရလက်ထက်က ထွက်ပြေး တိမ်းရှေင်နေခဲ့ သူများဖြစ်သဖြင့် မြန်မာအစိုးရအနေဖြင့် ၄င်းတို့အား ယခုပြန်လည်လက်ခံ ရမည်ဖြစ်ကြောင်း၊ ယင်းသို့ခေါ်သွင်းလာပါက ရခိုင်ပြည်နယ်အတွင်း ဆူပူမှုများ တစ်စုံတရာဖြစ်လာနိုင်ပြီး ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးကို ဝိုင်းဝန်းအကောင် အထည်ဖော် ဆောင်ရွက်နေသည့်အချိန်တွင် အဆိုပါလုပ်ရပ်အား လုံးဝလုပ်ဆောင်ရန် မသင့်ကြောင်း ဒေသခံများကလည်း ထောက်ပြကြသည်။

အဆိုပါသတင်းမှာ ယခုလ အစောပိုင်းက ထွက်ပေါ်လာခဲ့ခြင်းဖြစ်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင် သတင်းမီဒီယာတစ်ခုတွင် ဖေါ်ပြထားသည့် သတင်းဖြစ်ပြီး မြန်မာနိုင်ငံ အစိုးရအနေဖြင့် ယင်းဘင်္ဂလီများကို ချက်ချင်းလက်ခံသွားမည်မဟုတ်ဘဲ ၂ လအတွင်း စီစစ်ရေးအဖွဲ့ကို ဖွဲ့စည်းသွားမည်ဖြစ်ပြီး ယင်းအဖွဲ့မှ ဘင်္ဂလီများကို စီစစ်လက်ခံသွားမည်ဟု ပြန်လည်တုန့်ပြန်ထားသည်။

No comments: