ရေခဲ (ပြည်)
ပေါင်းတည်ထောင်တွင် အကျဉ်းကျနေသည့် ပဲခူးတိုင်း ပြည်ခရိုင် သဲကုန်းမြို့နယ်မှ လယ်သမား ဒေါ်ညိုကို အကျဉ်းထောင် အာဏာပိုင်များက ဆေးကုသခွင့် ပေးလိုက်ပြီဖြစ်ရာ အောက်တိုဘာလ ၂၅ ရက်တွင် ပြည်မြို့ ပြည်သူ့ဆေးရုံကြီး သားဖွားမီးယပ် ကုသဆောင်တွင် တက်ရောက် ဆေးကုသလျက်ရှိသည်။
“စမ်းသပ်တာ ပြီးသွားတော့ ဆေးရုံတက်ရမယ်ဆိုပြီး ဆေးရုံတင်လိုက်တာ။ သားအိမ် ပေါက်မပေါက်ဆိုတာနဲ့ ခွဲစိတ်ဖို့ လိုမလိုဆိုတာကို မနက်ဖြန် ဆေးစစ်ချက်ရမှ သိမယ်” ဟု ကာယကံရှင် ဒေါ်ညိုက ပြောသည်။
ဒေါ်ညိုအား အောက်တိုဘာ ၂၅ ရက် ညနေ ၄ နာရီက ပေါင်းတည်ထောင်မှ ပြည်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ဆရာဝန်၏ မှတ်ချက်ဖြင့် ည ၆ နာရီတွင် ဆေးရုံတင်လိုက်ရခြင်း ဖြစ်သည်။ ဆေးရုံတက်နေသူ ဒေါ်ညိုအား ရဲမေ (၄) ဦး အကျဉ်းထောင်ဝန်ထမ်း အမျိုးသမီးတစ်ဦး အပါအဝင် ရဲတပ်ဖွဲ့ဝင် (၁၀) ဦးခန့်က အနီးကပ်စောင့်ရှောက်ပေးနေပြီး လက်ထိပ်ခတ် ချုပ်နှောင်ထားခြင်းမရှိပေ။
မတ်လ ၁၄ ရက်က သဲကုန်းမြို့ပေါ်တွင် လယ်ယာမြေရရှိရေး ဆန္ဒပြဆုတောင်းသည့်အတွက် ဒေါ်ညိုအား ပုဒ်မ ၅၀၅ (ခ) ဖြင့် ဖမ်းဆီးကာ ပေါင်းတည်ထောင်တွင် အကျဉ်းချထားခဲ့သည်။ ၎င်းတွင် အမျိုးသမီးရောဂါ တစ်မျိုး ခံစားနေရပြီး အကျဉ်းထောင်ထဲတွင် ကုသ၍ မရသဖြင့် ပြင်ပဆေးရုံတစ်ခု၌ တက်ရောက် ဆေးကုသရန် အဆင့်ဆင့် တင်ပြတောင်းဆိုခဲ့သည်။
ဒေါ်ညို၏ ဝေဒနာကို ဆေးကုသခွင့်ရရှိရန် အောက်တိုဘာ ၂၁ ရက်က သဲကုန်းတရားရုံးနှင့် ပေါင်းတည်ထောင်ရှေ့တို့တွင် ဗကသကျောင်းသားများ၊ လယ်သမားများ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများကလည်း စုပေါင်းဆန္ဒပြတောင်းဆိုခဲ့သည်။
ဆန္ဒပြစဉ်အခါက မြို့နယ်အုပ်ချုပ်ရေး တာဝန်ရှိသူများနှင့် အကျဉ်းထောင်အာဏာပိုင်များက အလုံးစုံပျောက်ကင်းအောင် ချက်ချင်းဆေးကုသခွင့် ပေးမည်ဟု ကတိပြုခဲ့ပြီး အောက်တိုဘာ ၂၂ ရက်တွင် ပေါင်းတည် ဆေးရုံကြီး၌ အပြင်လူနာအဖြစ် ကုသပေးခဲ့သေးသည်။
No comments:
Post a Comment