မာန်ယုကျော်(ရွှေဝမြေ)
၂ဝ၁၂ ခုနှစ်အတွင်းက ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင်ဖြစ်ပွားခဲ့သည့် အစ္စလာမ်ဘာသာရေးဆရာ ၁ဝ ဦးအသတ်ခံ ရမှုဖြစ်စဉ်တွင် ပါဝင်သည်ဟု စွပ်စွဲဖမ်းဆီးခံထားရသူ ၇ ဦးကို သံတွဲခရိုင်တရားရုံးက အောက်တိုဘာလ ၂၄ ရက်နေ့က ထောင် (၇) နှစ်စီ အသီးသီးချမှတ်လိုက်ကြောင်း သံတွဲခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး ကံဝင်းက အတည်ပြု ပြောသည်။
“သူတို့ကို ဒီကနေ့မနက်ပိုင်းက ပြစ်မှုပုဒ်မ ၃၂၅ အရ တစ်ယောက်ကို အလုပ်ကြမ်းနဲ့ ထောင် ဒဏ် ၇ နှစ်စီ ချမှတ်လိုက်တာ မှန်ပါတယ်”ဟု ဒုရဲမှူးကြီး ကံဝင်းက နိရဉ္စရာသတင်းဌာနသို့ အောက် တိုဘာလ ၂၄ ရက်နော့ညနေပိုင်းက ပြောသည်။
အပြင်းအထန်နာကျင်စေမှု ပုဒ်မဖြစ်သော ပြစ်မှုပုဒ်မ ၃၂၅ ဖြင့် ယခု ထောင်ဒဏ်ချမှတ်ခြင်း ခံလိုက်ရသည့် တောင်ကုတ်ဒေသခံများမှာ ဦးလင်းမောင် (ခ) ထွန်းနိုင်၊ ဦးဝင်းနိုင်၊ ဦးသိန်းရွှေမောင်၊ ဦးစိုးသန်းကျော်၊ ဦးမင်းသိုက်ထွန်း၊ ဦးထွန်းမင်းနှင့် ဦးအေးငြိမ်းတို့ဖြစ်ကြသည်။
အဆိုပါတောင်ကုတ်ဒေသခံ ၇ ဦးမှာ ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့က တောင် ကုတ်မြို့တွင် ဖြစ်ပွားခဲ့သော ခရီးသည်တင်ကားတစ်စီးပေါ်မှ အစ္စလာမ် ဘာရေး ဆရာ ခရီးသည် ၁ဝ ဦးကို သတ်ဖြတ်ခဲ့မှု တွင် ပါဝင်သည်ဟု ရဲတပ်ဖွဲ့ကစွပ်စွဲကာ သံတွဲအကျဉ်းထောင်တွင် တစ်နှစ်ကျော်ကြာသည်အထိ ဖမ်းဆီး စစ်ဆေးခြင်းကိုခံခဲ့ရကြောင်း သိရသည်။
ယင်းနောက် အဆိုပါတောင်ကုတ်ဒေသခံ ၇ ဦးကို အောက်တိုဘာလ ၂၄ ရက်၊ နံနက် ၁ဝ နာရီခန့်က သံတွဲခရိုင်တရားရုံးက ယခုကဲ့သို့ပြစ်ဒဏ်များချမှတ်လိုက်ခြင်းဖြစ်သည်။
ပြစ်ဒဏ်ချမှတ်ခြင်းခံလိုက်ရသူများတွင် တစ်ဦးတည်းသာ အခင်းဖြစ်ပွားရာနေရာတွင် ရှိနေ သည်ဟု မျက်မြင်သက်သေများကထွက်ဆိုထားပြီး ကျန် ၆ ဦးမှာ အခင်းဖြစ်ပွားသည့်နေရာတွင် ရှိမနေကြောင်း သက်သေများက ထွက်ဆိုထားပြီးဖြစ်သည်ဟု အဆိုပါအမှုကို လိုက်ပါဆောင်ရွက်ပေး နေသူ သံတွဲ ဒေသခံ စာရေးဆရာမ နွယ်သာကီ(သံတွဲ)က ပြောသည်။
သို့သော် ယခုအမှုမှာ မြန်မာသာမက နိုင်ငံတကာမှ ပါစိတ်ဝင်စားနေသည့် အမှုဖြစ်နေသည့် အတွက် အပြစ်မရှိသော်လည်း ယခုကဲ့သို့ လူစားထိုး ထောင်ဒဏ်ချမှတ်ခြင်းဖြစ်သည်ဟု သူမ၏ အမြင်ကို သုံးသပ် ပြောဆိုသည်။
“အခုထောင်ချခံလိုက်ရသူတွေထဲမှာ ၆ ယောက်မှာ သက်သေအထောက်အထားလည်း ခိုင်မာမှု မရှိဘူး။ လူ ၁ဝ ယောက်ကို လူ ၇ ယောက်က တစ်ပြိုင်တည်း သတ်လို့ရမလား။ ဒါကြောင့် ဒီအမှုမှာ ဒီ တောင်ကုတ်က ၇ ယောက် အနေနဲ့ ထိုးကျွေးခံလိုက်ရတာလို့မြင်တယ်” ဟု ပြစ်ဒဏ်ချမှတ်ခြင်းကို သွားရောက်နားထောင်ခဲ့သူ စာရေးဆရာမ နွယ်သာကီ(သံတွဲ)က ပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး သံတွဲခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး ကံဝင်းက “ ဒါက တရားရုံးမှာလည်း သူဟာနဲ့သူ အမူမှန် ပေါ်ပေါက်လို့ ချတာဖြစ်ပါလိမ့်မယ်။ သူတို့မှာလည်း ရှေ့နေရှေ့ရပ်တွေရှိတယ်လေ။ တရားလိုရဲ့ သက်သေ၊ တရားခံရဲ့သက်သေ သက်သေအထောက်အထားတွေ မှန်ကန်လို့အခုလိုချ လိုက်တာဖြစ်မှာပါ”ဟု တုန့်ပြန်ပြောကြားသည်။
ယခုပြစ်ဒဏ်အသီးသီးချမှတ်ခြင်းခံလိုက်ရသည့် မိသားစုဝင်များ အနေဖြင့် ယခုအမိန့်ချမှတ် လိုက်ခြင်းအပေါ် ပြည်နယ် အဆင့် အယူခံ ဆက်လက်ဝင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

No comments:
Post a Comment