ဂျွန်ချစ်ငြိမ်း
၂၀၁၄ ခုနှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ ကျင်းပမည့် အဝေရာမီးပုံးပျံကွင်းတွင် ဗုံးပေါက်ကွဲမှု မဖြစ်ပေါ်စေရေး အထူးဆောင်ရွက်မည်ဖြစ်ပြီး ထိခိုက်မှုနည်းစေရန် ဗုံးခိုကျင်း ၁၅ ကျင်း တူးဖော်ထားရှိမည်ဟု ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သူက ပြောသည်။
တောင်ကြီးမြို့ မြို့တော်ခန်းမတွင် အောက်တိုဘာ ၁၆ ရက် နံနက်ပိုင်းက ပြုလုပ်သော တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် ကျင်းပရေး ဦးစီးကော်မတီ ဒုတိယ အကြိမ်ညှိနှိုင်းအစည်းအဝေးတွင် ပြောခြင်းဖြစ်သည်။
"အနောက်ဥရောပနိုင်ငံဖြစ်တဲ့ အီတလီ နိုင်ငံထုတ် အရည်သွေးမြင့် ဗုံးကာတွေ ကို အသုံးပြုသွားမှာဖြစ်တယ်” ဟု ဗိုလ်မှူးကြီး အောင်သူ ကပြောသည်။
ယင်းအပြင် အဝေရာ မီးပုံးပျံ ကွင်းအတွင်း သဲအိတ် ၃၀၀ အိတ်ခန့် အဆင်သင့်ထားရှိမည်ဟု စစ်မြေပြင်အင်ဂျင်နီယာ တပ်ရင်းမှ တပ်မှူး က အစည်းဝေးတွင် ပြောသည်။
"ဒီတနှစ်က အထူး လုံခြုံရေးအနေနဲ့ ဗုံးအန္တရာယ်ကို အဓိကထားပြီး ဆောင်ရွက်မယ်၊ မိုင်းရှာစက်တွေနဲ့လည်း ပွဲမတိုင်ခင်ကတည်းက ရှာဖွေတာတွေလုပ်နေတယ်” ဟု ၎င်းက ဆိုသည်။
လုံခြုံရေးအတွက် ယခင်နှစ်က ရဲတပ်သားအင်အား (၁၀၀၀) ခန့် အသုံးပြုခဲ့ပြီး ယခုနှစ်တွင် ယင်းထက်ပိုမိုသော အင်အားဖြင့် လုပ်ဆောင်မည်ဟု တောင်ကြီးခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ထူး က ပြောသည်။
တောင်ကြီးမြို့တွင်အောက်တိုဘာ ၄ရက် ညပိုင်းက တပ်စခန်းများရှေ့ဉ်ပင် ဗုံးသုံးလုံပေါက်ကွဲခြင်း၊ အောက်တိုဘာ ၁၅ ရက်က အေးသာယာမြို့သစ်တွင် ဗုံးလန့်မှု စသဖြင့် ဖြစ်ပွားထားသည်။ ယင်းသို့ ဖြစ်ပွားမှုကြောင့် တန်ဆောင်တိုင်ပွဲတော် လုံခြုံရေးကို ထိခိုက်မည်မဟုတ်ဟု ဒုရဲမှူးကြီးက ပြောသည်။
၂၀၁၄ ခုနှစ် တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကို အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၇ ရက် အထိ ကျင်းပမည် ဖြစ်သည်။
No comments:
Post a Comment