Saturday, October 18, 2014

(၂၁) ကြိမ်မြောက် ရခိုင်ပြည်နယ် ခရိုင်ပေါင်းစုံဆို၊က၊ရေးတီး ပြိုင်ပွဲ စစ်တွေခရိုင် ပထမဆုရ

စံမောင်သန်း

အောက်တိုဘာလ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့သော (၂၁) ကြိမ်မြှောက် ရခိုင်ပြည်နယ် ခရိုင်ပေါင်းစုံ ဆိုကရေးတီးပြိုင်ပွဲတွင် စစ်တွေခရိုင်က ပထမဆု ရရှိသွားသည်ဟု သိရသည်။

စစ်တွေခရိုင်မှ ရွှေ ၁၉၊ ငွေ ၁၀၊ ကြေး ၂၊ နှစ်သိမ့်ဆု ၆ ဆုဖြင့် ပထမ ရရှိခဲ့ပြီး သံတွဲခရိုင်က ရွှေ ၁၆၊ ငွေ ၇၊ ကြေး ၉၊ နှစ်သိမ့်ဆု ၇ ဆုဖြင့် ဒုတိယ ရရှိခဲ့သည်။

တတိယ ဆုကို ကျောက်ဖြူခရိုင်က ရွှေ ၁၄၊ ငွေ ၁၅၊ ကြေး ၉၊ နှစ်သိမ့်ဆု ၃ ခုဖြင့်၎င်း၊ စတုတ္ထဆုကို မောင်တောခရိုင်က ရွှေ ၅၊ ငွေ ၁၀၊ ကြေး ၅၊ နှစ်သိမ့်ဆု ၄ ခုဖြင့်၎င်း၊ ပဉ္စမဆုကို မြောက်ဦးခရိုင်က ရွှေ ၅၊ ငွေ ၅၊ ကြေး ၄၊ နှစ်သိမ့်ဆု ၇ နှစ်ဆုဖြင့်၎င်း အသီးသီး ရရှိခဲ့ကြသည်။

ဆုရရှိသူများအထဲတွင် သံတွဲခရိုင်မှ အသက် ၈ နှစ်အရွယ် မငွေစင်ကြယ်က အဆိုအကပြိုင်ပွဲတွင် ရွှေတံဆိပ်သုံးခုကို ပြိုင်ဘက်မရှိ ရရှိသွားပြီး၊ စစ်တွေခရိုင်မှ ကိုမောင်ဖြူလှသည်လည်း အဆိုပြိုင်ပွဲတွင် ရွှေတံဆိပ် ၃ ခုရှိသွားသည်ကို တွေ့ရှိရသည်။ ကိုမောင်ဖြူလှမှာ ဆိုကရေးတီးပြိုင်ပွဲကို ၂၀၀၈ ခုနှစ်မှ စတင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဗဟိုအဆင့် ရွှေတံဆိပ်နှစ်ဆု၊ ငွေတံဆိပ် တစ်ဆု၊ ကြေးတံဆိပ်တစ်ဆု၊ ပြည်နယ်အဆင့် ရွှေတံဆိပ် ၆ ခု အပါအ၀င် ဆုပေါင်း ၃၀ ကျော်ရရှိခဲ့ပြီဟု သိရှိရသည်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ၏ ယိမ်းအက ပြိုင်ပွဲတွင် မောင်တောခရိုင်ကိုယ်စားပြုပြိုင်သော ခမီတိုင်းရင်းသားများက ပထမနှင့် ဒိုင်းနက်တိုင်းရင်းသားများက ဒုတိယဆုအသီးသီ ရရှိသွားပြီး၊ ပြဇာတ်ရှည်ပြိုင်ပွဲတွင် ကျောက်ဖြူက ပထမနှင့် ပြဇာတ်တို ပြိုင်ပွဲတွင် မောင်တောခရိုင်မှ ပထမဆုများကို ဆွတ်ခူး ရရှိသွားခဲ့ကြသည်။

မောင်တောကိုယ်စားပြုလာရောက်ကပြသော မြိုလူမျိုးအမျိုးသမီးငယ် တစ်ဦးက ယခုလာရောက် ယှဉ်ပြိုင် သည်မှာ ဒုတိယအကြိမ်ဖြစ်ကြောင်း၊ ၂၀၁၃-ခုနှစ်က လည်းကပြခဲ့ဖူးကြောင်း၊ ဆုများ ရရှိလိမ့်မည်ဟု မျှော်လင့်ထားကြောင်း နိရဉ္စရာသို့ ပြောသည်။

ဒိုင်းနက်အမျိုးသမီး တက္ကသိုလ်ကျောင်းသူ မဌေးဌေးမြင့်ကမူ သူမ၏ ခံစားမူကို ယခုလို နိရဉ္စရာသို့ ပြောသည်။

“ကျွန်မတို့က ဒိုင်းနက်လူမျိုးတွေပါ။ မောင်တောခရိုင်ကို ကိုယ်စားပြုပြီးတော့ လာရောက် ယှဉ်ပြိုင်တာပါရှင့်။ ဒီတစ်ကြိမ်က ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ကပြယှဉ်ပြိုင်သူက ၁၂ ယောက် ဖြစ်ပါတယ်။ ကပြတဲ့ သီချင်းနာမည်က “ အဖေါ်စုပြီးရင်” လို့ ဗမာလို အမည်ရပါတယ်ရှင့်။ ဆုရဖို့တော့ မမျှော်မှန်းပါဘူး။ ပထမဆုံးဝင်ရောက် ယှဉ်ပြိုင်ရတဲ့ အတွက်ဖြစ်ပါတယ်”ဟု ဆိုသည်။

မောင်တောခရိုင်ကို ကိုယ်စားပြုပြီးလာရောက်ယှဉ်ပြိုင်သော သက်လူမျိုးထဲမှ ကိုဘလှိုင်ကလည်း ၀င်ရောက် ယှဉ်ပြိုင်ခြင်းမှာ သက်လူမျိုးများအနေဖြင့် ပထမဆုံးအကြိမ်ဖြစ်ကြောင်း၊ အကနှစ်မျိုးဖြင့် ကပြ ယှဉ်ပြိုင်ခဲ့ကြောင်း၊ ပထမ တစ်မျိုးက ပ၀ါအလှယိမ်းအကနှင့် နောက်တစ်မျိုးက ပြည်ရှင်မင်းဟု အမည်ရကြောင်းပြောကြားသည်။

၎င်းပြင်သူက ဆုကို မျှော်မှန်းကြောင်း၊ သို့သော် ဆုလိုချင်သောကြောင့် ၀င်ရောက်ယှဉ်ပြိုင်ခြင်း မဟုတ်ကြောင်း၊ မိမိတို့ တိုင်းရင်းသားအကကို အခြားတိုင်းရင်းသားများ သိရှိစေရန် လာရောက် ကပြခြင်းဖြစ်သည်ဟု သူက ဆိုသည်။

ဆုပေးပွဲ အခမ်းအနားကို ယနေ့ အောက်တိုဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်မှ ညနေ ၇ နာရီခွဲထိ ဦးဥတ္တမ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး ဆုတံဆိပ်များကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းကိုယ်တိုင် တက်ရောက် ချီးမြှင့် ပေးအပ်ခဲ့သည်။

ရခိုင်ပြည်နယ်အစိုးရ ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းက အဖွင့်အမှာစကားပြောကြားရာတွင် “ ဒီနှစ်ပြိုင်ပွဲဟာ နှစ်တိုင်းတွေထက် ပြိုင်ပွဲ အခမ်းအနားပြင်ဆင်တာတွေ၊ ပြိုင်ပွဲခန်းမကအစ အစစ အရာရာ ခန်းနားထယ်ဝါစွာ စီစဉ် ထားရှိတာတွေကို ပြိုင်ပွဲဝင်သူတွေနဲ့ ဧည့်သည်တော်များ အားလုံး မျက်မြင်တွေ့ရှိပြီးဖြစ်ပါတယ်။ ငွေရေးကြေးရေးကိုလည်း လိုသလောက် စုစည်း လုပ်ဆောင်ပေးခဲ့ပါတယ်” ဟု ရခိုင်ပြည်နယ် ၀န်ကြီးချုပ်က ပြောကြားခဲ့သည်။

ယင်းပြင် “ရခိုင်ပြည်နယ်မှာတခါမှ မပြိုင်ဖူးသေးတဲ့ ပြဇာတ်ပြိုင်ပွဲနဲ့ ဟာသပြဇာတ်တိုပြိုင်ပွဲတွေ၊ တိုင်းရင်းသား မျိုးနွယ်စုတွေရဲ့ ယိမ်းအကတွေဟာ ပါဝင်ယှဉ်ပြိုင်လာကြတာတွေကိုတွေ့ရတော့ များစွာအားရမိပါတယ်” ဟု ရခိုင်ပြည်နယ်အစိုးရ ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းက ထပ်လောင်း ပြောကြားသည်။

ဆုပေးပွဲအခမ်းအနားသို့ ပရိသတ် ၁၀၀၀ ခန့် တက်ရောက်အားပေးခဲ့ကြသည်။

No comments: