Saturday, October 25, 2014

ကွန်တင်နာယာဉ် တစ်စီးမှ ဝင်တိုက်၍ ယာဉ် ၅ စီးဆင့်တိုက်မှုဖြစ်ပွား

ကျော်စိုးမိုး

ဆိပ်ကမ်းမြို့နယ်၊ ကွန်ကရစ်လမ်းသစ်အတိုင်း မောင်းလာသည့် ၁၀ ဘီးကွန်တင်နာ ယာဉ်တစ်စီးသည် ဘုန်းကြီးလမ်းအနီးတွင် အရှိန်မထိန်းနိုင်ဘဲ ကမ်းနာလမ်းပေါ်သို့ ကျကာ ရပ်ထားသည့်ဒိုင်နာ ကုန်တင်ယာဉ်တစ်စီးကို ဝင်တိုက်ရာမှ ယာဉ်ငါးစီးဆင့် တိုက်မှုတစ်ခု အောက်တိုဘာ ၂၃ ရက်၊ ညနေ ၅ နာရီဝန်းကျင်က ဖြစ်ပွားခဲ့သည်။

ကွန်တိန်နာမှာ ကွန်ကရစ်လမ်းသစ်မှ ကမ်းနားလမ်းပေါ်သို့ ပြုတ်ကျပြီး ဒိုင်နာယာဉ်နှစ်စီး၊ မီနီဘတ်စ်တစ်စီးနှင့် SERELA ဆလွန်းကား တစ်စီးတို့ကို ဆင့်တိုက်မိခြင်း ဖြစ်သည်။

အခင်းဖြစ်ပွားရာ နေရာသို့ ရောက်ရှိနေသည့် လမ်းမတော်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးထွန်းအောင်ဇော်က " ကွန်ကရစ်လမ်းပေါ်ကနေ အရှိန်အများကြီးနဲ့ မောင်းလာပြီး မထိန်းနိုင်ဘဲ လမ်းပေါ်ကို ပြုတ်ကျပြီး အခုလိုတိုက်မိတာပါ၊ အရက်သောက်ထားတဲ့ ပုံပါပဲ၊ တိုက်မိတဲ့ကားတွေ အကုန်လုံးကတော့ လူမရှိဘဲ ရပ်ထားတဲ့ကားတွေပါပဲ" ဟု ပြောသည်။

ယာဉ်တိုက်မှုကြောင့် ၁၀ ဘီးကွန်တင်နာယာဉ်ပေါ်တွင် ယာဉ်မောင်းဘေးမှ လိုက်ပါ စီးနင်းလာသည့် အမျိုးသမီးတစ်ဦး ပွန်းပဲ့ဒဏ်ရာရရှိခဲ့ပြီး ယာဉ်မောင်းကိုစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ဟု ဆိပ်ကမ်းမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။

အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ ယာဉ်မဆင်မခြင်မောင်းနှင်သည့် ယာဉ်မောင်း ကိုကျော်ကျော်ထူးကို ဆိပ်ကမ်းမြို့မရဲစခန်းက ယာဉ်(ပ) ၂၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉/၃၃၇ ဖြင့်အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက် ရှိသည်။

No comments: