Saturday, October 25, 2014

စည်ပင်ဌာန မြို့နှစ်မြို့မှ အခွန်နှင့်သာ ရပ်တည်ရဟုဆို

ကယားထဲ

ကယား (ကရင်နီ) ပြည်နယ်တွင် စည်ပင်သာယာရေး ဝန်ကြီးဌာနအနေဖြင့် အဓိက မြို့နှစ်မြို့မှ အခွန်အခ ဝင်ငွေနှင့်သာ ရပ်တည်နေရကြောင်း ပြည်နယ်စည်ပင်သာယာရေး ဝန်ကြီး ဦးအောင်နိုင်ဦး ကပြောသည်။

အခွန်အခများကို လွိုင်ကော်မြို့နှင့် ဒီးမော့ဆို၊ နှစ်မြို့တည်းသာ ကောက်ခံရရှိပြီး၊ ၎င်းနှစ်မြို့မှ အခွန်ငွေများဖြင့် ဝန်ထမ်းလစာနှင့် မြို့ပြစီမံကိန်းများအတွက် သုံးစွဲလျှက်ရှိကြောင်း၊ အခွန်အခအဖြစ် ၂၀၁၃ ခုနှစ်တွင် သိန်းပေါင်း ၇၀၀၀ ကျော်ကောက်ခံရရှိ၍ ၂၀၁၄ ခုနှစ်တွင် သိန်း ၈၀၀၀ ကျော် ရရှိထားကြောင်း ၄င်းက ပြောသည်။

“ကျန်တဲ့မြို့နယ်တွေက အခွန်တွေ ဒီလောက်မရဘူး။ အရင်တုန်းကတော့ နိုင်ငံတော်ကနေ ဝန်ထမ်းလစာ ထောက်ပံ့ငွေ ပေးခဲ့တယ်။ အခု ရရှိတဲ့ငွေကနေ ဝန်ထမ်းလစာနဲ့ မြို့ပြဖွံ့ဖြိုးရေးတွေလုပ်တယ်” ဟု ဝန်ကြီးက ပြောသည်။

အိမ်ခြံမြေ အခွန်အခကောက်ခံမှုနှင့် ပတ်သက်၍၊ အခွန်စည်းကြပ်မှု စနစ်ကို ပြည်သူများအား အသိပေး ရှင်းလင်းချပြရန် လိုအပ်ကြောင်း၊ ကယားလူမျိုးစု ဒီမိုကရေစီပါတီ ဥက္ကဌ ဦးဒယ်နီယာ က အောက်တိုဘာလ ၂၁ ရက်နေ့တွင် ပြောသည်။

“အိမ်ခွန်လာကောက်သွားတာ အရင်နှစ်ကထက် ဆယ်ဆ တက်သွားပါတယ်။ အဲဒါကျနော်က လာကောက်တဲ့ ဝန်ထမ်းကိုမေးကြည့်တော့ တစ်ရာခိုင်နှုန်းပဲ တိုးကောက်တာပြောတယ်။ အမှန်တကယ် သူတို့ဘယ်လိုတွေ ကောက်လဲ၊ ဘာဖြစ်လို့ တစ်ရာခိုင်နှုန်းပဲ တိုးတယ်ပြောပြီး ဆယ်ဆတက်သွားရတာလဲ။ အခွန်ကောက်ခံမှု ပွင့်လင်းမြင်သာဖို့ လိုအပ်ပါတယ်” ဟု ဝေဖန် ပြောကြားသည်။

ဖားဆောင်းမြို့နယ်နှင့် မယ်စဲမြို့နယ်ရှိ သံလွင်မြစ် ကူးတို့ ဇက်လုပ်ငန်း အခွန်ဝင်ငွေ တိုးလာကြောင်း၊ ပြည်နယ်အတွင်း မြို့နယ် ၇ မြို့နယ်ရှိရာ၊ ကျန်မြို့များကို အခွန်ကောက်ခံနိုင်ရန် စည်ပင်သာယာရေးဌာနမှ စည်းရုံးရေး ဆင်းနေကြောင်း စည်ပင်ဝန်ကြီးက ဆိုသည်။

No comments: