Saturday, October 4, 2014

အူရီးဒူး ကွန်ရက်တွင် မိုဘိုင်းဖုန်း ၁၄ သန်း အထိ အသုံးပြုနိုင်

မောင်မန်း

အူရီးဒူး၏ မိုဘိုင်းကွန်ရက်တွင် မိုဘိုင်းဖုန်း ၁၄ သန်းအထိ အသုံးပြုနိုင်ပြီဟု အူရီးဒူးမြန်မာက အောက်တိုဘာ ၂ ရက်တွင် သတင်းထုတ်ပြန်သည်။

လက်ရှိအချိန်တွင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မြို့များနှင့် အနီးတဝိုက် မြို့နယ် ၇၈ မြို့နယ်တွင် ဝန်ဆောင်မှုပေးနေပြီး ၎င်းမြို့များနှင့်အနီးတဝိုက် ရမည်းသင်း၊ စစ်ကိုင်း၊ တောင်ငူ၊ ပြည်၊ ကျောက်ဆည်၊ ပဲခူးနှင့် သာယာဝတီမြို့များတွင်လည်း အူရီးဒူး၏ ဝန်ဆောင်မှုရနိုင်မည်ဖြစ်သည်။

အူရီးဒူးမြန်မာ၏ အမှုဆောင်အရာရှိချုပ် Mr.Ross Cormack က " ဒီနှစ်အကုန်မှာ ၂၅ သန်းအထိ အသုံးပြုနိုင်ဖို့ ကွန်ရက်ဖြန့်ကျက်တဲ့ လုပ်ငန်းတွေကို အစီအစဉ်အတိုင်း လုပ်နေပါတယ်။ ၅ နှစ်အတွင်းမှာ လူဦးရေ ၉၇ ရာခိုင်နှုန်းကို မိုဘိုင်းကွန်ရက် လွှမ်းခြုံနိုင်အောင် ဆောင်ရွက်ပါမယ်" ဟုဆိုသည်။

အူရီးဒူးက GSM ကွန်ရက် 900 နှင့် 2100 များကို အသုံးပြုပြီး ဝန်ဆောင်မှု ပေးလျက်ရှိသည်။

အူရီးဒူးမြန်မာအနေဖြင့် ကွန်ရက်ဖြန့်ကျက်နိုင်ရန် ဆောင်ရွက်ရာတွင် အခက်အခဲများရှိခဲ့သည်ဟုလည်း Mr.Ross Cormack က ပြောသည်။

၎င်းက" ဆောက်လုပ်ခွင့်တွေရဖို့ အခက်အခဲအချို့ကြုံခဲ့ရပါတယ်။ ရာသီဥတုပြင်းထန်မှုကလည်း စိန်ခေါ်မှု တစ်ခုပါ။ ဒေသခံတွေရဲ့ အကူအညီတွေလည်း အများကြီးရခဲ့ပါတယ်" ဟု ဆိုသည်။

အူရီဒူးသည် လက်ရှိဝန်ဆောင်မှုပေးနေချိန်တွင် ဖုန်းပြောဆိုခကို အူရီးဒူး ဖုန်းအချင်းချင်း တစ်မိနစ် ၂၅ ကျပ် နှင့် အခြားအော်ပရေတာများသို့ ခေါ်ဆိုခ တစ်မိနစ် ၃၅ ကျပ်နှုန်းသတ်မှတ်ကောက်ခံလျက်ရှိသည်။ ယခင် မိနစ်အလိုက်ကောက်ခံသည့် စနစ်မှ စက္ကန့်အလိုက် ကောက်ခံသည့် ပုံစံကိုလည်း ပြောင်းလဲထားသည်။

No comments: