ခင်မြတ်မြတ်ဝေ
ချင်းပြည်နယ်အတွင်း ချင်းဘာသာစကားဖြင့် တစ်ပတ်နှစ်ကြိမ် ထုတ်ဝေသည့် ဟားခါးပို့စ် သတင်းစာအား တရားဝင်လိုင်စင်မရှိသည့် အကြောင်းပြချက်ဖြင့် သတင်းစာထုတ်ဝေခွင့်ကို စက်တင်ဘာ ၂၉ ရက်က စတင်ကာ ရပ်နားရန် ဒေသအာဏာပိုင်များက ခေါ်ပြောသည်ဟု ဟားခါးပို့စ် သတင်းစာမှ အယ်ဒီတာချုပ် ကိုပါပွီး က မဇ္ဈိမကို ပြောသည်။
"ကျွန်တော်တို့မှာ မှတ်ပုံတင်ဖို့ ဖေါင်တွေဖြည့်ထားပြီးသား။ ငွေရေးကြေးရေး အခက်အခဲရှိလို့ပါလို့ပြောတယ်။ ဒါပေမယ့်ပြည်နယ်ဝန်ကြီးချုပ်က ပိတ်ခိုင်းလို့ပြောပါတယ်။ နောက်ထပ်ထုတ်ရင် ဥပဒေအရ အရေးယူမှု လုပ်သွားမယ်ဆိုပြီး မြို့နယ်ထွေထွေ အုပ်ချုပ်ရေး ဦးလှစိုးကပြောတယ်"ဟု ၎င်းက ပြောသည်။
ချင်းပြည်နယ်အတွင်း တရားဝင်လိုင်စင်မရှိဘဲ ထုတ်ဝေနေသည့် သတင်းစာ၊ ဂျာနယ်တိုက် ၁၅ တိုက်ခန့်ရှိသော်လည်း အခြားတိုက်များမှာ အကြောင်းကြားမခံရဘဲ ဟားခါးပို့စ် တစ်ခုတည်းကိုသာ ခေါ်ယူ၍ ထုတ်ဝေခွင့် ရပ်ဆိုင်းကြောင်း အကြောင်းကြားခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။
"ချင်းပြည်နယ် အစိုးရက ချင်းမီဒီယာကို ပိတ်တယ်။ တချို့တိုက်တွေလည်း တရားဝင် လိုင်စင်မရှိဘူး။ ဒါပေမယ့် ကျွန်တော်တို့ တိုက်တစ်ခုတည်းကို လုပ်နေတာဟာ မီဒီယာ အပေါ်မှာ တရားမျှတမှုမရှိဘူးလို့ ခံစားရတယ်"ဟုအယ်ဒီတာချုပ် ကိုပါပွီးက ပြောသည်။
ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲမှ ဦးစီးမှုး ဒေါ်သိဂီင်္ိက "သတင်းစာထုတ်ရင် တရားဝင် ပုံနှိပ်လျှောက်ထားရပါမယ်။ တကယ်ကို ထုတ်ဝေခွင့်ပိုင်ဆိုင်ကြောင်းရှိမှပါ။ မရှိရင်တော့ တရားမဝင်ဘူး ပိတ်သိမ်းလို့တော့ရတယ်" ဟု မဇ္ဈိမကို ပြောသည်။
တိုင်းရင်းသားမီဒီယာတစ်ခုဖြစ်သည့် ဟားခါးပို့စ်ကို ပိတ်သိမ်းလိုက်ခြင်းနှင့် ပတ်သက်၍ မြန်မာဂျာနယ်လစ်ကွန်ယက်မှအထွေထွေအတွင်းရေးမှူး ဦးမြင့်ကျော်က "ဇန်န၀ါရီ၊ ဖော်ဖော်ဝါရီ လပိုင်းအထိ နည်းဥပဒေက အတည်မပြုနိုင်သေးဘူးဆိုတော့ သူတို့အနေနဲ့ ဒီကြားထဲ တစ်ခုခုစီစဉ်သင့်တယ်။ တစ်နည်းတစ်ဖုံ လိုင်စင်ကိစ္စကို စဉ်းစားသင့်တယ်။ တခြားတိုက်တွေကို မပိတ်ဘဲ သူတို့တိုက်တစ်ခုထဲကို ပိတ်တယ်ဆိုတော့ အစိုးရပိုင်းကို ဝေဖန်ကောင်းဝေဖန်တာတွေလည်းရှိမယ်"ဟု သူ့အမြင်ကို ပြောသည်။
ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ ဟားခါးပို့စ် သတင်းစာသည် ချင်းတိုင်းရင်းသား ဘာသာစကားဖြင့် တစ်ပတ် နှစ်ကြိမ်ထုတ်ဝေပြီး အစောင်ရေ ၂၅၀၀ ရောင်းအားရှိသည်။
No comments:
Post a Comment