Sunday, October 26, 2014

ရုပ်သံလွှင့်ခ ဝင်ငွေ အချိန်မီရရန် စာချုပ်အသစ်ပြန်ချုပ်

ဟိန်းကိုစိုး

ဝန်ကြီးဌာနက ရုပ်သံထုတ်လွှင့်ခွင့် ပြုထားသည့် စကိုင်းနက်၊ ဖော်အဲဗားနှင့် FMကုမ္ပဏီတို့ထံမှ လစဉ် ရုပ်သံလွှင့်ခ ဝင်ငွေများ အချိန်မီရရန် စာချုပ် အသစ် ပြန်လည်ချုပ်ဆိုသည်ဟု ပြန်ကြားရေးဝန်ကြီးဌာန၊ ရုံးအဖွဲ့မှုး ဒုတိယ ညွှန်ကြားရေးမှုးချုပ် ဦးမြင့်ထွေးက အောက်တိုဘာ ၂၄ ရက်တွင် မဇ္ဈိမကိုပြောသည်။

"အရင်က ရုပ်သံဖမ်းစက် ရောင်းရတာရယ်၊ လစဉ် ဌားရမ်းကြည့်ရှု့ခတွေကနေ အကျိုးအမြတ်ခွဲဝေတာ အခုရုပ်သံကို မြို့နယ် ၂၀၊ FMကို ၁၀ မြို့နယ်မှာရှိတဲ့ ထပ်ဆင့်လွှင့်ရုံတွေမှာ စက်တပ်ဆင်ခွင့်ပေးပြီး အဲဒီကနေ အပြတ်ကောက်လိုက်တယ်"ဟု ၎င်းကဆိုသည်။

စာချုပ်အသစ် လက်မှတ်ရေးထိုးခြင်းကို အောက်တိုဘာ ၂၃ ရက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဝန်ကြီးဌာန၏ ထပ်ဆင့်လွှင့်စက်ရုံများတွင် ကုမ္ပဏီတို့က အသုံးပြုမည့် စက်များတပ်ဆင်ခအဖြစ် တစ်လ ကျပ် ၁၆၄ သိန်းကို ရုပ်သံ၊ FM မခွဲဘဲ ကောက်ခံမည်ဟု ဆိုသည်။

ယခင်က ပုဂ္ဂလိက လုပ်ငန်းများက နိုင်ငံတော်သို့ အခွန်ပေးဆောင်ပြီးမှ ဝန်ကြီးဌာနနှင့် လုပ်ငန်းတစ်ခုချင်းစီ အလိုက် သတ်မှတ်အချိုးအစားဖြင့် အကျိုးအမြတ် ခွဲဝေကြသဖြင့် ကြန့်ကြာသည်ဟု ဦးမြင့်ထွေးက ပြောသည်။ ပြန်လည် ချုပ်ဆိုသည့် စာချုပ်အရမူ လက်မှတ်ထိုးပြီး သုံးလပြည့်ချိန် ၁၅ ရက်ထက် မကျော်လွန်စေဘဲ ပေးသွင်းရန်နှင့် ကျော်လွန်ပါက ထပ်ဆောင်းဒဏ်ကြေးပေးရန် ပါဝင်သည်ဟု ဆိုသော်လည်း ပမာဏ အတိအကျကိုမူ မပြောပေ။

လက်ရှိမြန်မာနိုင်ငံတွင် ရေဒီယိုနှင့် ရုပ်သံထုတ်လွှင့်ခွင့်ကို ပြန်ကြားရေးဝန်ကြီးဌာနနှင့် ၎င်းက ခွင့်ပြုထားသော Sky Net၊ Forever ကုမဏီ နှင့် FM ရေဒီယို လိုင်းများ ဖြစ်သော မြို့တော် FM၊ မန္တလေး FM၊ ချယ်ရီ FM၊ ရွှေ FM၊ ပဉ္စ၀တီ FM၊ ပတ္တမြား FM၊ ပုဂံ FM နှင့် သဇင် FM တို့သာ လုပ်ကိုင်ခွင့်ရထားသည်။ အသစ်လျှောက်ထားလိုသူတို့ကိုမူ ရုပ်မြင်သံ ကြားနှင့် အသံ ထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေပြဋ္ဌာန်းပြီးမှသာ ခွင့်ပြုမည်ဟု ဝန်ကြီးဌာနက ဆိုထားသည်။

No comments: