Sunday, October 26, 2014

ဖေါက်ခွဲရန်ကြံစည်မူစွဲချက်ဖြင့် ရခိုင်လူငယ်သုံးဦးကို ထောင် ၄ နှစ်စီ အသီးသီးချမှတ်

မာန်ယုကျော် (ရွှေဝမြေ)

ရခိုင်လူငယ် ၃ ဦးကို ရန်ကုန်မြောက်ပိုင်း ခရိုင်တရားရုံးက အောက်တိုဘာလ ၂၂ ရက်နေ့တွင် ထောင်ဒဏ် ၄ နှစ်စီအသီးသီး ချမှတ်လိုက်ကြောင်း သိရသည်။

ယခုထောင်ချခံလိုက်ရသည့်ရခိုင်လူငယ် ၃ ဦးမှာ ကိုခိုင်နေမင်း၊ ကိုဘိုဘိုထွန်းနှင့် ကိုသိန့်ညွန့်တို့ဖြစ်ကြပြီး ယင်းတို့ကိုပြီးခဲ့သည့်နှစ်က ရန်ကုန်မြို့တွင်ဘာသာရေးအဆောက်အဦများကို ဗုံးဖောက်ခွဲရန် ကြံစည်မှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ယခုထောင်ချခံလိုက်ရသူများအနက် ကိုခိုင်နေမင်းနှင့် ကိုသိန်းညွှန့်တို့ကို ပြီးခဲ့သည့်နှစ်၊ နိုင်ဝင်ဘာလ အတွင်းက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်အတွင်းရှိ တည်းခိုခန်းတစ်ခုတွင ဖောက်ခွဲရေးပစ္စည်းများနှင့် အတူဖမ်းဆီးရမိခဲ့သည်။

ယင်းနောက် ကိုခိုင်နေမင်းနှင့်ဆက်စပ်သူ ကိုဘိုဘိုထွန်းကို ရဲက စစ်တွေတွင်ဆက်လက်ဖမ်းဆီးခဲ့ပြီး ယင်းတို့အားလုံးကို ၁၉၀၈ ခုနှစ် ပေါက်ကွဲ စေတတ်သော ဥပဒေပုဒ်မ ၅/၆ ဖြင့် တရားစွဲဆိုခဲ့ကြောင်း သိရသည်။

အဆိုပါရခိုင်လူငယ် ၃ ဦး၏အမှုတွင် သက်သေပစ္စည်းများမှာ ကလေးကစားစရာ ယမ်းပြား အပြား ၄၀ ၊ မီးခြစ်တစ်လုံး၊ တယ်လီဖုန်းတစ်လုံး၊ ဝိုင်ယာကြိုးအတိုတစ်ချောင်း၊ ပီဘီစီပိုက်နှင့် မီးသွေးများ ဖြစ်ကြပြီး ထိုလူငယ်များတွင် အပြစ်မရှိသည့်အပြင် အမှုတည်ဆောက်မှုနှင့် သက်သေခံချက်ပါ မပြည့်စုံသည့် အတွက် ယခုစီရင်ချက်အတွက် အယူခံဆက်တင်သွားမည်ဟု အဆိုပါအမှုအား လိုက်ပါဆောင်ရွက်ပေးသူ ရှေ့နေ ရောဘတ်စန်းအောင်၏ပြောဆိုချက်ကို ကိုးကား၍ RFA သတင်းဌာနတွင် ဖော်ပြထားသည်။

No comments: