Thursday, October 23, 2014

နိုင်ငံတိုးတက်ရေး အစိုးရ၊ လွှတ်တော်နှင့် တရားစီရင်ရေး မဏ္ဍိုင်များ အားမပြိုင်ကြရန် တပ်မတော် တိုက်တွန်း

ဧရာဝတီ

မြန်မာနိုင်ငံတွင် ဒီမိုကရေစီထွန်းကားရေးနှင့် နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် အုပ်ချုပ်ရေးမဏ္ဍိုင် အစိုးရ၊ ဥပဒေ ပြုရေး မဏ္ဍိုင်ဖြစ်သော လွှတ်တော်နှင့် တရားစီရင်ရေးမဏ္ဍိုင် တို့အကြား အားပြိုင်မှုများ မလုပ်ဘဲ ရှောင်ရှား ရန် လိုအပ် ပြီး မဏ္ဍိုင်များအချင်းချင်း နားလည်မှု ဖေးမကူညီကြရန် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် များက ယနေ့တိုက်တွန်း ပြောဆိုလိုက်သည်။

တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ခေါင်းဆောင် ဗိုလ်မှူးချုပ်တင့်ဆန်းက အောက်တိုဘာလ ၂၂ ရက် နေ့တွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥပဒေပြုရေးမဏ္ဍိုင်အနေဖြင့် ဆောင်ရွက်ရန် လိုအပ် မည့် အချက်များ ဆိုင်ရာ စာမျက်နှာ ၁၂ မျက်နှာ ပါရှိသော အကြံပြုသုံးသပ်ချက်တစောင် ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့ပြီး ယင်း စာတမ်း တွင် လွှတ်တော်ကိုယ်စားလှယ်များအတွက် အကြံပြုချက်များ၊ မဏ္ဍိုင်များအကြား အချင်းချင်း အပြန် အလှန် ထိန်းကျောင်းရေးဆိုင်ရာ အကြံပြုချက်များစွာ ပါဝင်ကြောင်း သိရှိရသည်။

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ၏ အကြံပြုချက်စာစောင်တွင် ဥပဒေပြုရေးမဏ္ဍိုင် လွှတ်တော် သည် အစိုးရဖြစ်သော အုပ်ချုပ်ရေး မဏ္ဍိုင်ကို ထိန်းကျောင်းရာတွင် အစိုးရဘက်က ကတိက၀တ်အတိုင်း လိုက်နာ မှု အားနည်း ခြင်းနှင့်ကြန့်ကြာမှုများ ရှိနေကြောင်း၊ အစိုးရက လွှတ်တော်ကို ဥပဒေ ပြဋ္ဌာန်းခြင်း ကိစ္စ များနှင့်ပတ်သက်၍ ထိန်းကျောင်း ရာတွင်လည်း လွှတ်တော်က အုပ်ချုပ်ရေးမဏ္ဍိုင်ကို နားလည်လက်ခံရန် လိုအပ်ကြောင်း၊ တရားစီရင်ရေးမဏ္ဍိုင်နှင့် လွှတ်တော်အကြားတွင်လည်း အပြန်အလှန်နားလည်မှုမရှိဘဲ အခက်အခဲများရှိနေကြောင်း၊ မဏ္ဍိုင် ၃ ရပ်အနေဖြင့် ပုဂ္ဂိုလ်စွဲ၊ အဖွဲ့အစည်း စွဲများ မပါရှိစေဘဲ အပြန်အလှန် နားလည်ရန် လိုအပ်ပြီး အားသာသည့် အဖွဲ့အစည်းက အားနည်း သည့်အဖွဲ့အစည်းကို နားလည်မှု ရှိရှိ ပူးပေါင်း ဆောင်ရွက်သင့်ကြောင်း ဖော်ပြထားသည်။

နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဏ္ဍိုင် ၃ ရပ်က အပြန်အလှန် ထိန်းကျောင်းကြရာတွင် အပြုသဘောဖြင့် အပြိုင်အဆိုင် တိုးတက်မှုရှိစေရန် ဆောင်ရွက်ရန် လိုအပ်ပြီး တိုးတက်မှုကို ဆုတ်ယုတ်စေမည့် အားပြိုင်မှု များကို ရှောင်ရှားသင့်ကြောင်း၊ အားနည်းသော မဏ္ဍိုင်ကို အားသာသော မဏ္ဍိုင်က ၀င်ရောက်စွက်ဖက် လွှမ်းမိုး ခြင်းမျိုး မဟုတ်ဘဲ အထောက်အကူ ပြု စေရန် အတွက်သာ ပံ့ပိုးသင့်ကြောင်း၊ တွေ့ကြုံနေရသော အခက် အခဲများနှင့် စိန်ခေါ်မှုများကို အချင်းချင်း အပြည့်အ၀ နားလည် ယုံကြည်မှုဖြင့် ဖေးမကူညီဆောင်ရွက်သွားရန် လိုအပ်ကြောင်း ရေးသားဖော်ပြထားသည်။

လွှတ်တော်တွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ၏ အကြံပြုချက်အပေါ် အပြု သဘောအမြင်ဖြင့် ကြိုဆို သော လွှတ်တော် ကိုယ်စား လှယ်များရှိသကဲ့သို့ ဆရာကြီးလေသံဖြင့် ၀င်ရောက်ပြောဆိုမှုဟူ၍ ဝေဖန်သော လွှတ်တော် ကိုယ်စား လှယ် များလည်း ရှိကြောင်း သိရှိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ စစ်ကိုင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သိန်းက “သူအကြံပြုတာ မကောင်းဘူးလို့တော့ မပြောချင်ဘူး။ ဒါပေမယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေ အကုန်လုံးက အလုပ်လုပ်နေတာပဲ။ ဒီလို ကိစ္စကို စစ်တပ်ကတင်တယ် ၊ တပ်မတော်သား ကိုယ်စားလှယ်တွေက တင်တယ် ဆိုတာမျိုးကတော့ ၀င်ပြီး နှမ်းဖြူး သလို ဖြစ်တာပေါ့။ အခုမှ နည်းနည်း ထူးခြားလာတာက လွှတ်တော် သက်တမ်းကုန်ခါနီးမှ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေသည် တနေ့ကို မေးခွန်းတခု မေးလာတယ်။ အရင်တုန်းက မမေးခဲ့ဘူး။ အခုမှ နာမည် ကောင်း ယူချင် တယ်လို့ ထင်တာပါပဲ” ဟု သုံးသပ်ပြောဆိုသည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီမှ သီပေါမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းကမူ တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ်များ၏ အကြံပြုချက်အပေါ် ကြိုဆိုကြောင်း ပြောဆိုသည်။

“သူတို့ ကိုယ်တိုင်ကလည်း လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်နေလို့ မဏ္ဍိုင်ကြီး ၃ ရပ် အဆက်အစပ်မှာ သူတို့ခံစား ရတဲ့ ဟာတွေကို ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့ကိစ္စတွေ ၊ တရားရေး မဏ္ဍိုင်ကို ဥပဒေပြုရေး မဏ္ဍိုင်နဲ့ အုပ်ချုပ်ရေး မဏ္ဍိုင်က လွှမ်းမိုး ဖို့ ကြိုးစားနေတဲ့ ကိစ္စတွေ ၊ အပြန်အလှန် ဝေဖန်ထောက်ပြတဲ့အခါ နားလည်မှု မရှိတဲ့ ကိစ္စတွေကို ထောက်ပြ တယ်။ လက်ခံတယ်၊ သဘောတူတယ်” ဟု ဦးရဲထွန်းက ဆိုသည်။

No comments: