Thursday, October 16, 2014

အဝေးသင် မွတ်ဆလင်ကျောင်းသူ/သားများကို အနီးကပ်သွားရောက်ပို့ချမည်

မာန်ယုကျော် (ရွှေဝမြေ)

ရခိုင်ပြည်နယ်အတွင်းရှိ အဝေးသင်မွတ်ဆလင် ကျောင်းသူ/သားများကို အနီးကပ်သွားရောက်ပို့ချ သင်ကြားပေးရန် စစ်တွေတက္ကသိုလ်မှ ဆရာ၊ ဆရာမတစ်ချို့အား ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ညွှန်ကြားထားကြောင်း သိရသည်။

မောင်တောနှင့်ဘူးသီးတောင်မြို့နယ်တွင် ပထမအသုတ် အဝေးသင် ဘင်္ဂလီ ကျောင်းသူ၊ ကျောင်းသား ၄ ဦးနှင့် သံတွဲတွင် မွတ်ဆလင် ကျောင်းသား ကျောင်းသူ ၁၈ ဦးရှိပြီး ဒုတိယအသုတ်တွင် မောင်တောနှင့် ဘူးသီးတောင်၌ အဝေးသင် ကျောင်းသူ၊ ကျောင်းသား ၇ ဦးနှင့် သံတွဲတွင် ၅၈ ဦးတို့ရှိကြောင်းသိရသည်။

ယင်းတို့နှင့်သက်ဆိုင်သည့်ဘာ သာရပ်ပြ ဆရာ၊ ဆရာမများက အောက်တိုဘာလ ၁၆ ရက်မှ ၂၅ ရက်အထိ အနီးကပ်သွားရောက် ပို့ချပေးရန် စစ်တွေတက္ကသိုလ် ပါမောက္ခချုပ်က ညွှန်ကြားထားကြောင်း စစ်တွေတက္ကသိုလ် ဆရာ၊ ဆရာမအသိုင်းအဝိုင်းက ဆိုသည်။

စစ်တွေတက္ကသိုလ်မှ ဆရာ၊ ဆရာ ၇ ဦးက ဘူးသီးတောင်သို့သွားရောက်ပို့ချကြရမည်ဖြစ်ပြီး စစ်တွေ တက္ကသိုလ်နှင့် တောင်ကုတ်ကောလိပ်မှ ဆရာ၊ ဆရာမ ၅ ဦး(သို့မဟုတ်) ၇ ဦး က သံတွဲသို့ သွားရောက် ပို့ချရမည်ဖြစ်ကြောင်း သိရသည်။

“မောင်တောက ကျောင်းသားတွေကျတော့ ဘူးသီးတောင်မှာ ပေါင်းပြီး ပို့ချရမှာ။ သံတွဲမှာ ကျတော့ အင်္ဂလိပ်စာဆရာ၊ ဆရာမတွေက တောင်ကုတ်ကနေလာပြရမယ်” ဟု စစ်တွေတက္ကသိုလ်မှ ဆရာတစ်ဦးက ရှင်းပြသည်။

အဝေးသင် မွတ်ဆလင် ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် ပြီးခဲ့သည့်နှစ်များ အတွင်းက ယခုကဲ့ သို့ အနီးကပ်လာရောက်ပို့ချပေးရန်တောင်းဆိုမှုမရှိခဲ့ဘဲ ယခုနှစ်မှစတင်ကာ ယင်းမှ ကျောင်း သူ၊ ကျောင်းသားများက ပြည်နယ်အစိုးရအဖွဲ့ထံတင်ပြတောင်းဆိုမှုကြောင့် ယခုကဲ့သို့ညွှန်ကြားရခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းသို့ အနီးကပ်သွားရောက်ပို့ချရန်ကိစ္စနှင့်ပတ်သက်ပြီး စစ်တွေတက္ကသိုလ်မှ ဆရာ၊ ဆရာမ များနှင့် စစ်တွေတက္ကသိုလ်ပါမောက္ခချုပ်တို့သည် အောက်တိုဘာလ ၁၃ ရက်နေ့က တွေ့ဆုံဆွေးနွေး မှုတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်ကတော့ လိုအပ်ချက်တွေ အကုန်လုံးကို မေးပါတယ်။ ဘယ်မှာတည်းရမှာလဲ၊ ဘယ်မှာ အိပ်ရမှာလဲ၊ ဘယ်မှာ နေရမှာလဲ၊ ဘယ်မှာစားရမှာလဲ၊ ဘယ်မှာသင်ရမှာလဲ၊ လုံခြုံရေးကော ရှိမှာလား။ ဒါပေမယ့် ပါမောက္ခချုပ် ကတော့ တိတိကျကျမဖြေဘူး။ အဆင်ပြေအောင်လုပ်ပေးမယ်ဆိုတဲ့ စကား တစ်ခွန်းတော့ ပြောတယ်” ဟု အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ စစ်တွေတက္ကသိုလ်မှ ဆရာတစ်ဦးက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

ပညာသင်ကြားမှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံအစိုးသည် မည်သည့်ဘာသာ၊ မည်သည့် လူမျိုး ကိုမှ ပိတ်ပင်တားဆီးထားခြင်းမရှိဆိုခြင်းကို နိုင်ငံတကာတွင် သက်သေပြလိုသည့်အတွက် ယခုကဲ့သို့ ဆောင်ရွက်ပေးခြင်းဖြစ်ဟန်တူကြောင်း ပညာရေးအသိုင်းအဝိုင်းက သုံးသပ်ပြောကြားကြသည်။

ယင်းနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က “ဘယ်သူမှ မဖြေရဘူးဆိုတာ မရှိစေရအောင် လုပ်တာပါ။ အရင်နှစ်တွေကလည်း သူတို့တွေ ဖြေဆိုဖို့အကုန်စီစဉ်ပေးပါတယ်။ ဆယ်တန်းရော၊ အဝေးသင်ရောပဲ။ Day တက်တဲ့သူတွေကျတော့ အဝေးသင်ပြောင်းခိုင်းတယ်”ဟု နိရဉ္စရာသို့ပြောသည်။

ဘင်္ဂါလီကျောင်းသူ၊ ကျောင်းသားများကို အနီးကပ်သွားရောက်ပို့ချကြရမည့် ဆရာ၊ ဆရာမများ အနေဖြင့် လုံခြုံရေးအခြေအနေကို စိုးရိမ်မှုများရှိနေသော်လည်း ယင်းတို့၏လုံခြုံရေးကိစ္စများကို ပြည် နယ်အစိုးရအဖွဲ့က စီစဉ်ထားကြောင်းလည်း ဦးဝင်းမြိုင်က ဆက်ပြောသည်။

No comments: