ABC
ထိုင်းနိုင်ငံ Koh Tao ဒါမှမဟုတ် မြန်မာအခေါ် လိပ်ကျွန်းမှာ အသတ်ခံရတဲ့ ဗြိတိန်နိုင်ငံသား နှစ်ဦးနဲ့ ပတ်သက်ပြီး မြန်မာသုံးဦးကို ထိုင်းရဲတွေက ဖမ်းဆီးထားပြီး အဲဒီထဲက နှစ်ဦးကတော့ အဆိုပါ နိုင်ငံခြားသား ခရီးသွားတွေကို သတ်မိကြောင်း ဝန်ခံထားတယ်လို့ ထိုင်းရဲက ပြောပါတယ်။
ထိုင်းရဲတွေရဲ့အဆိုအရ လူသုံးဦးကို ဖမ်းဆီးထားတယ်လို့ဆိုပြီး အဲဒီထဲက တစ်ယောက်ကတော့ ဗြိတိန်နိုင်ငံသားတွေကို သတ်ပစ်မိကြောင်း ဝန်ခံထားတယ်လို့ ဆိုပါတယ်။
အသက် ၂၀ ဝန်းကျင်အရွယ် David Milerနဲ့ Hannah Witheridge တို့ရဲ့ အဝတ်တစ်ပိုင်းတစ်စသာ ပါတဲ့ အလောင်းတွေကို Koh Tao ကျွန်းမှာ ပြီးခဲ့တဲ့ နှစ်ပတ်က တွေ့ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ အခုဖမ်းဆီးခံထားရတဲ့ မြန်မာသုံးဦးက လက်သေတရားခံ ဟုတ်မဟုတ် ဆိုတာကို သိရဖို့ DNA စစ်ဆေးမှုတွေ လုပ်ခဲ့ရာမှာ ဖမ်းဆီးထားသူ လူနှစ်ယောက်နဲ့ ဆက်စပ်မှု ရှိနေတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
ကျန်တစ်ယောက်ကတော့ လူသတ်မှု မဖြစ်ခင်မှာ အမှု ဖြစ်ပွားတဲ့နေရာကနေ ထွက်ခွာသွားခဲ့ကြောင်း ထွက်ဆိုထားပါတယ်။
ကမ္ဘာလှည့်ခရီးသည် အသွားအလာများတဲ့ ထိုင်းနိုင်ငံမှာ အခုလို လူသတ်မှုတွေ ဖြစ်တဲ့အတွက် နိုင်ငံခြားသားတွေ အလာနည်းမှာကို စိုးရိမ်နေကြပါတယ်။
ထိုင်းနိုင်ငံ စီးပွားရေးရဲ့ ၁၀%ကို ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကနေ နှစ်စဉ် ဝင်ငွေ ရရှိနေတာဖြစ်ပါတယ်။
ဒီလူသတ်မှုရဲ့ လက်သည်တရားခံကို ဖော်ထုတ်ဖို့ ထိုင်းရဲတွေ အများအပြား ဖိအားပေးခံခဲ့ရတဲ့အပြင် ထိုင်းရဲတွေရဲ့ ကိုင်တွယ်ဖြေရှင်းမှုကိုလည်း ဝေဖန်နေကြ ပါတယ်။
လူသတ်မှု စဖြစ်ခါစမှာတော့ အပြစ်မဲ့တဲ့ မြန်မာတချို့ကို ဖမ်းဆီးခဲ့ပေမယ့် နောက်ပိုင်းမှာ ပြန်လည်လွတ်ပေးခဲ့သလို ကျွန်းအပေါ် သွားလာမှုတွေ ပိတ်ချခဲ့တဲ့အတွက် ဝေဖန်မှုတွေ ခံခဲ့ရပါတယ်။
မြန်မာ သံရုံးကလည်း ဒီကိစ္စကို အနီးကပ် စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

No comments:
Post a Comment