Monday, October 27, 2014

“၂၀၀၈ အခြေခံဥပဒေက တောထဲက တောရိုင်းဥပဒေနဲ့ တူနေပါတယ်”

Mizzima

စစ်တပ်၏ ပစ်ခတ်ဖမ်းဆီးမှုကြောင့် နိုင်ငံရေးနောက်ခံရှိသူ အလွတ်သတင်းထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး သေဆုံးခဲ့မှု ဖြစ်စဉ်အပေါ် အမှုမှန်ဖော်ထုတ်ပေးရန် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ အပါအဝင် အဖွဲ့အစည်းပေါင်း ၄၀ ကျော်က အောက်တိုဘာ ၂၆ ရက်က ရန်ကုန်မြို့လယ်ရှိ မြို့တော်ခန်းမရှေ့တွင် တောင်းဆိုခဲ့ကြသည်။

အဆိုပါ တောင်းဆိုဆန္ဒထုတ်ဖော်ပွဲတွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်၏ ပြောဆိုမှုအချို့ကို မဇ္ဈိမက ကောက်နှုတ်ဖော်ပြလိုက်ပါသည်။

“တိုင်းပြည်မှာ တာဝန်ခံမှု တာဝန်ယူမှုမရှိတဲ့လူတွေကြောင့် ဖြစ်နေရတာပါ။ ကိုပါကြီးကိစ္စက ရည်ရွယ်ချက်ရှိရှိ ဖြစ်ခဲ့တာပါ။ သတင်းထုတ်ပြန်မှုကလည်း ရှေ့နောက်မညီတာတွေ တွေ့ရတယ်။ မရိုးဖြောင့်တဲ့ဖြစ်စဉ်တွေ တွေ့ နေရတယ်။ လက်ပံတောင်းမှာသံဃာတော်တွေကို လက်နက်နဲ့ နှိပ်ကွပ်တာတွေ ကိုပါကြီးကိစ္စတွေဟာ လက်ယဉ်နေတာ အကျင့်ပါနေတာပါ။ လက်နက်ရှိတဲ့သူတွေကို ဘယ်တရားဥပဒေကမှ အရေးယူလို့ မရဘူးဆိုတဲ့ အသိမျိုးတွေရှိနေတယ်။ ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကတောထဲက တောရိုင်းဥပဒေနဲ့ တူနေပါတယ်။ တောရိုင်းဥပဒေမဖြစ်ဖို့လိုပါတယ်။

လက်ရှိအခြေခံဥပဒေမှာ ဘယ်လိုပြဌာန်းထားလဲဆိုတော့ တပ်မတော်သားကနေ ကာကွယ်ရေးဦးစီးချုပ်အထိ ဘယ်လိုပြစ်မှုမျိုးကိုကျူးလွန်ကျူးလွန် အရပ်ဖက် တရားရုံးက ဆုံးဖြတ် စီရင်ခံပိုင်ခွင့် မရှိဘူးဆိုတာဟာ အခွင့်ထူးခံရုံမက အင်မတန် အနိုင်ကျင့်တဲ့တောရိုင်းဥပဒေပဲ။ သူတို့ပြုသမျှ နုရမယ်၊ အဲဒါတွေက ဖုံးမရ ဖိမရလို့ အဖြစ်မှန်ပေါ်လာရင် ငါ့လူကို ငါပဲဆုံးမမယ်၊ဘယ်တရားဥပဒေ အရပ်ဖက်တရားရုံးကမှ စစ်ဆေးခွင့်မရှိဘူးဆိုတာဟာ နောက်နောင်ကို အမြဲတမ်းအနိုင်ကျင့်ကြ။ငါတစ်ယောက်လုံးရှိတယ်လို့ မြှောက်ပေးနေတာနဲ့ အတူတူပဲ” ဟု ဦးမင်းကိုနိုင်က ပြောဆိုခဲ့သည်။

No comments: