Saturday, October 25, 2014

မြန်မာကားဈေးကွက် လူလတ်တန်းစားကိုယ်စားပြု ဇိမ်ခံကားများ ဈေးကွက်ထိပ်သီးဖြစ်လာ

ထင်လင်းအောင်

ပြည်တွင်း ကားဈေးကွက်အတွင်း လာမည့်နှစ်များတွင် ဇိမ်ခံကားများ ဈေးကွက်ဝေစု ရရှိမှု ကြီးမားလာနိုင်ကာ လူလတ်တန်းစီးနိုင်သော ဂျပန်နိုင်ငံထုတ် ဇိမ်ခံကားများက ဈေးကွက်ဝေစုအများဆုံး ဖြစ်လာနိုင်သည်ဟု အွန်လိုင်းအခြေပြု ကားရောင်းဝယ်ရေး ဝက်ဘ်ဆိုက်တစ်ခုဖြစ်သော Motors.com.mm က အောက်တိုဘာ ၂၀ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံသည် ကားတင်သွင်းခွင့် မူဝါဒများ အပြောင်းအလဲကြောင့် ပြည်တွင်းကားဈေးများ ကျဆင်းလာသဖြင့် ကားဝယ်နိုင်သော ငွေကြေးပြည့်စုံသူများ အနေဖြင့် ဇိမ်ခံကားများကို ဝယ်ယူရန် စိတ်ကူးပြင်ဆင်မှုများ ရှိလာသည်ဟု Motors.com.mm က ၎င်းကောက်ယူရရှိထားသော စစ်တမ်းအရ သတင်းထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အဆိုပါ ဝက်ဘ်ဆိုက်၏ မြန်မာနိုင်ငံကိုယ်စားပြု မန်နေဂျာ Mr.Sascha Pasqual Woelk က “စီးပွားရေး တိုးတက်လာတာနဲ့အမျှ လာမယ့်နှစ် အနည်းငယ်မှာ မြန်မာပြည်ရဲ့ ဇိမ်ခံကားဈေးကွက်လည်း အများကြီးဖွံ့ဖြိုးတော့မှာပါ။ ပြည်သူတွေရဲ့ ဝင်ငွေတွေတိုးတက်မှုအရ ဥရောပနဲ့ အမေရိကန်အမှတ်တံဆိပ် ဇိမ်ခံကားအမျိုးအစားအပြင် တိုယိုတာလို ဈေးသင့်တဲ့ အလယ်အလတ်တန်းစား ဇိမ်ခံကားတွေမြင်ရတော့မှာပါ” ဟု ပြောသည်။

၎င်းစားရင်းများအရ Toyota Mark II ကားများက ၂၂ ရာခိုင်နှုန်းဖြင့် ဈေးကွက်ဝေစု ပထမ၊ Toyota Mark X ကားများက ၁၆ ရာခိုင်နှုန်းဖြင့်ဒုတိယနှင့် Toyota Land Cruiser က ၉ ရာခိုင်နှုန်းဖြင့် တတိယတို့ကို အသီးသီး ဈေးကွက်ရယူထားနိုင်သည်ဟု ပါရှိသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံတွင်တစ်ချိန်က ချမ်းသာမှုအဆင့်ရှိ လူတန်းစားများသာ စီးနိုင်ခဲ့သည့် ဂျပန်နိုင်ငံထုတ် ကားများမှာ လူလတ်တန်းစားစီးကားများအဖြစ် ဈေးကွက်ထိပ်သီးဖြစ်လာနိုင်သည်ဟု ဖော်ပြထားသည်။

ထို့အတူ ဆိပ်ကမ်းရောက်တန်ဖိုး(CIF)ဈေးနှုန်း အပြောင်းအလဲနှင့် ဂျပန်နိုင်ငံ လေလံကားဈေး အပြောင်းအလဲများကြောင့် အင်ဂျင်ပါဝါအမြင့်၊မော်ဒယ်အမြင့် ဇိမ်ခံကားအမျိုးအစားများမှာ ဈေးနှုန်းများစွာ ကျဆင်းနိုင်ချေမရှိသဖြင့် ၂၀၀၂/၂၀၀၃ မော်ဒယ် Toyota Alphard များမှာမူအနာဂတ် ဇိမ်ခံကားဈေးကွက်တွင် လူလတ်တန်းစား ဝယ်ယူမှုများလာမည့် ကားစာရင်းတွင် ပါဝင်နေသည်ဟု ဖော်ပြထားသည်။

သီရီမင်္ဂလာဈေးဟောင်း ယာဉ်ရောင်းဝယ်ရေးစခန်းမှ ဝယ်ရောင်းကျွမ်းကျင် ဦးကျော်နိုင်က “Mark II ၊ Mark X တို့က အခုလည်း ဝယ်နေကြတော့ ဇိမ်ခံကားဈေးကွက်လို့ပြောရမယ်။ တက္ကစီလုပ်မယ် ဆိုတဲ့သူတွေ ကတော့ CIF ဈေး ၅၀၀၀ နဲ့ရတဲ့ အင်ဂျင်ပါဝါ 1300 CC လို ကားတွေကို အ၀ယ်များပါတယ်”ဟု ပြောသည်။

Motors. com.mm သည် ဂျာမနီအခြေစိုက် အွန်လိုင်းစီးပွားရေးလုပ်ငန်း Rocket Internet၏ လုပ်ငန်းခွဲဖြစ်သော တစ်ကမ္ဘာလုံးဆိုင်ရာ အွန်လိုင်းကားအရောင်းအ၀ယ်လုပ်ငန်း Carmudi.com မှ မြန်မာနိုင်ငံ ကိုယ်စားပြုဝက်ဘ်ဆိုက်အဖြစ် ထူထောင်ထားခြင်းဖြစ်သည်။

၎င်းဝက်ဘ်ဆိုက်သည် ပြည်တွင်းရှိကားအရောင်းပြ ခန်း၂၂၀၊ ရန်ကုန်မြို့ရှိ ပြင်ပရောင်းဝယ်ရေးစခန်း လေးခုရှိ ကားအကျိုးဆောင်များနှင့်တစ်ဦးချင်းရောင်းဝယ်သူများ၏ ၉၅ ရာခိုင်နှုန်းကျော်တို့၏ ချိတ်ဆက်ဆောင်ရွက်မှုများမှတဆင့် အဆိုပါစစ်တမ်းကို ကောက်ယူခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

No comments: