Saturday, October 25, 2014

Eleven ကို ပြန်ကြားရေးဝန်ကြီးဌာန တရားစွဲဆိုမှု နိုဝင်ဘာ ၅ ရက်တွင် စတင်စစ်ဆေးဖွယ်ရှိ

မောင်သင်တုန်း

ပြန်ကြားရေးဝန်ကြီးဌာနက Eleven မီဒီယာဂရုမှ အမှုဆောင်အရာရှိချုပ် (CEO) ဒေါက်တာသန်းထွဋ်အောင် အပါအဝင် ငါးဦးကို ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုထားသည့် အမှုအား ပုပ္ပသိရီမြို့နယ် တရားရုံး၌ လာမည့် နိုဝင်ဘာ ၅ ရက်တွင် စတင်စစ်ဆေးနိုင်မည်ဟု ရှေ့နေဦးခင်မောင်ညိုက ခန့်မှန်းပြောဆိုလိုက်သည်။

"၅ ရက်နေ့ ရုံးချိန်မှာတော့ လူစုံရင်တော့ စစစ်မယ်လို့ တရားသူကြီးက ပြောသွားတယ်ပေါ့နော်။ နောက်တစ်ပတ်လောက်မှသေချာပြောချင်ပါတယ်” ဟု Eleven ဂျာနယ်ဘက်မှ ရှေ့နေဦးခင်မောင်ညိုက မဇ္ဈိမကို ပြောသည်။

ပုပ္ပသိရီမြို့နယ် တရားရုံး၌ ပြန်ကြားရေးဝန်ကြီးဌာန၏ ဦးတိုက်လျှောက်ထားမှုတွင် စွပ်စွဲခံရသည့် ဒေါက်တာဦးသိန်းမြင့်က ရန်ကုန်တွင် အမှုချိန်းတစ်ခုရှိသည့်အတွက် ယခုတစ်ပတ် ရုံးချိန်းကို ခွင့်တိုင်ကြားသည်ဟု ဆိုသည်။

Eleven ဂျာနယ် အယ်ဒီတာချုပ် ကိုဝေးဖြိုးက "မီဒီယာတစ်ခုမှာ အဓိက လုပ်ဆောင်နေတဲ့သူတွေကို ငါးယောက်စလုံးကို နောက်ပြီး အမှုလာရင်ဆိုင်ရတာလည်း နေပြည်တော်မှာ ဒီလိုမျိုး လုပ်ဆောင်ခြင်းအားဖြင့် အမှုရဲ့ပုံသဏ္ဍာန်အရ သတင်းမီဒီယာ လွပ်လပ်ခွင့်ကို တိုက်ရိုက် ထိပါးတဲ့ကိစ္စလို့ မယူဆဘူး ဆိုရင်တောင်မှ မီဒီယာတွေကို တရားစွဲဆိုတဲ့ ပုံစံတွေကို ဆင့်ကဲဆင့်ကဲ ကြည့်မယ်ဆိုရင် ကျွန်တော်တို့ မီဒီယာရဲ့ CEO ကို အကုန်လုံး တရားစွဲဆိုခြင်းဟာ မီဒီယာတွေရဲ့ လုပ်ပိုင်ခွင့်ကို အဟန့်အတား သို့မဟုတ် ခြိမ်းခြောက်လိုတဲ့ သဘောတရားတွေ ပါဝင်တယ်လို့ လက်တလော ယူဆရပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

ပြန်ကြားရေးဝန်ကြီးဌာနကို ပုံနှိပ်စက် ဝယ်ယူမှုနှင့်ပတ်သက်ပြီး Eleven ဂျာနယ်က ရေးသားဖော်ပြမှုကြောင့် အသရေဖျက်မှု ပုဒ်မ ၅၀၀ဖြင့် တရားစွဲခံရာ ဒုတိယအကြိမ် ရုံးချိန်းကို အောက်တိုဘာ ၂၄ ရက်က ချိန်းဆိုခဲ့ပြီး လာမည့် နိုဝင်ဘာ ၅ ရက်တွင် တတိယအကြိမ် ရုံးချိန်အဖြစ် ထပ်မံချိန်းဆိုလိုက်သည်။

No comments: