Friday, October 3, 2014

OCBC ရန်ကုန်ဘဏ်ခွဲက၊ နိုင်ငံခြားကုမ္ပဏီများသာမက မြန်မာပြည်တွင်း ဘဏ်များကိုပါ ဝန်ဆောင်မှု ပေးမည်ဟုဆို

Mizzima

မြန်မာနိုင်ငံတွင်း၌ နိုင်ငံခြားဘဏ်ခွဲ ဖွင့်လှစ်ခွင့်ရရှိထားသော ကူးသန်းရောင်းဝယ်ရေးဘဏ် (Commercial Bank) ၉ ခုထဲမှ တစ်ခုဖြစ်သည့် စင်္ကာပူ အခြေစိုက် OCBC ဘဏ်သည်၊ ၎င်းရရှိသော လိုင်စင်ဖြင့် မြန်မာနိုင်ငံရှိ နိုင်ငံခြားကုမ္ပဏီများ၊ ဖက်စပ်ကုမ္ပဏီများနှင့် ပြည်တွင်းဘဏ်များအတွက် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ အပြည့်အဝပေးမည်ဟု အောက်တိုဘာလ ၁ ရက် နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

စင်ကာပူနိုင်ငံတွင် အစောဆုံးတည်ထောင်ခဲ့သည့် ဘဏ်လုပ်ငန်းဖြစ်သည့် OCBC ဘဏ်သည် ၎င်း၏ ရန်ကုန်ဘဏ်ခွဲကို လာမည့် ၁၂ လအတွင်း ဖွင့်လှစ်ရမည်ဖြစ်သည်။

“ပြည်တွင်းဈေးကွက် အသိပညာအတွေ့အကြုံ၊ ဈေးကွက် ဆက်သွယ်ပေးခြင်းနှင့် ဘဏ္ဍာရေးဆိုင်ရာ အထောက်အကူဝန်ဆောင်မှု တို့အား Relationship တစ်ခုဖြင့် ၁၈ နိုင်ငံသော မတူညီသော ဈေးကွက်များပေါ် ဖြန့်ကျက်၍ ကျွန်ုပ်တို့၏ ကုမ္ပဏီလုပ်ငန်းရှင်များ၏ နိုင်ငံဈေးကွက်ချဲ့ထွင်မှုအတွက် ဝန်ဆောင်မှုပေးနေသော OCBC ၏ ဘဏ်လုပ်ငန်းကွန်ယက်တွင် ဤ (ရန်ကုန်) ဘဏ်ခွဲသည် အရေးပါသော ထပ်တိုးမြှင့်တင်မှုတစ်ခုဖြစ်ပေသည်” ဟု OCBC ၏ ကြေညာချက်ထဲတွင် ဖေါ်ပြထားသည်။

OCBC ဘဏ်၏ ရန်ကုန်မြို့ ကိုယ်စားလှယ်ရုံးခွဲသည် လုပ်ငန်းဆောင်ရွက်နေသည်မှာ နှစ် ၂၀ ကြာပြီဖြစ်သည်။ ယခုရှိလိုက်သော လိုင်စင်ဖြင့်၊ မြန်မာနိုင်ငံရှိ OCBC ဘဏ်ခွဲသစ်သည် ဘဏ်လုပ်ငန်းအပြည့်အဝ ပေးနိုင်မည်ဖြစ်ပြီး ၎င်းတို့တွင် Cash Management, Project Financing, Working Capital Financing, Trade Finance တို့အပြင် Treasury and Capital Markets အကြံပေးဝန်ဆောင်မှုများ ပါဝင်မည်ဟု ဘဏ်၏ ကြေညာချက်ထဲတွင် ဖေါ်ပြထားသည်။

နိုင်ငံခြားဘဏ် ၉ ခုဖြစ်သည့် သြစတြေးလျနယူးဇီလန်ဘဏ်အုပ်စု (ANZ)၊ ဘန်ကောက်ဘဏ်၊ တိုကျို-မီဆူဘီရှိဘဏ် (BTMU)၊ တရုတ်စက်မှုနှင့် ကုန်သွယ်ရေးဘဏ် (ICBC) ၊ May Bank၊ Muzuho Bank၊
တရုတ်ပြည်ပဘဏ် ကော်ပိုရေးရှင်း (OCBC)၊ ဆူမီတိုမို မစ်ဆူအိဘဏ်ကော်ပိုရေးရှင်း၊ United Oversea Bank (UOB) မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်းလုပ်ကိုင်ရန် ဗဟိုဘဏ်က လိုင်စင်ချပေးလိုက်သည်ဟု အောက်တိုဘာ ၁ရက်တွင် ကြေငြာခဲ့သည်။ လိုင်စင်ရရန် လျောက်ထားခဲ့သည့် နိုင်ငံခြားဘဏ် ၄၂ ခုအနက်မှ ယခုကဲ့သို့ ဘဏ် ၉ ခုအား လိုင်စင်ချပေးခဲ့ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုဥက္ကဌ ဦးဆက်အောင်က အောက်တိုဘာလ ၁ ရက်၊ နေပြည်တော်သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများကို ပြောခဲ့သည်။

ယင်းအပြင် ဈေးကွက်အခြေအနေပေါ် မူတည်၍ နောက်ထပ် ဘဏ်များကိုလည်း ထပ်မံတင်ဒါခေါ်ယူဦးမည်ဟု ၎င်းက ဆက်လက် ပြောခဲ့သည်။ လက်ရှိတွင် ရန်ကုန်မြို့၌ နိုင်ငံခြားဘဏ် ၄၂ ခု၏ ရုံးခွဲများကို ဖွင့်လှစ်ထားသည်။

No comments: