Friday, October 3, 2014

SME စီးပွားရေးလုပ်ငန်းများအတွက် သီးခြားအစိုးရဌာနတခု လိုအပ်နေ

သိုက်ဇင်

မြန်မာနိုင်ငံမှာ အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေအတွက် သီးခြားအစိုးရဌာန တခု ထားရှိပေးဖို့ သမ္မတဦးသိန်းစိန်ကို တိုက်တွန်းပြောဆိုသွားမယ့် အကြောင်း ဂျပန်မြန်မာအသင်း ဥက္ကဋ္ဌ မစ္စတာ ဟီဒေးရို ၀ါတာနာဘေး (Hideo Watanabe) က ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ ကုန်သည်စက်မှုအသင်းချုပ် (ယူအမ်အက်ဖ်စီစီအိုင်) ရုံးမှာ ဂျပန်မြန်မာအသင်းရဲ့ ဥက္ကဋ္ဌ ၀ါတာနာဘေး ဦးဆောင်တဲ့ ဂျပန်နိုင်ငံက အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းရှင် ၂၀ ဦးနဲ့ မြန်မာစီးပွားရေး လုပ်ငန်းရှင်တွေအကြားမှာ စီးပွားရေးဆိုင်ရာ လုပ်ငန်းတွေ ပိုမိုပူးပေါင်း ဆောင်ရွက်နိုင် ဖို့အ တွက် ဒီကနေ့ တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲမှာ ၀ါတာနာဘေးက မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ အောက်တိုဘာ ၇ ရက်နေ့ နေပြည်တော်မှာ တွေ့ဆုံဖို့ အစီအစဉ်ရှိတဲ့အကြောင်းနဲ့ မြန်မာနိုင်ငံမှာ ဂျပန်နိုင်ငံနည်းတူ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေအတွက် သီးခြားအစိုးရဌာနတခု ထားရှိပေးဖို့ တိုက်တွန်းသွားဖို့ ရှိကြောင်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ အသေးစားနဲ့ အလတ်စားလုပ်ငန်း(SME) တွေအတွက် သီးခြားအစိုးရဌာနတခုကို ဘာကြောင့် ထားရှိဖို့ လိုအပ်တာလဲဆိုတာနဲ့ စပ်လျဉ်းပြီး Mr.Hideo Watanabe က အခုလို ရှင်းလင်းခဲ့ပါတယ်။

“အောက်တိုဘာ ၇ ရက်နေ့မှာ သမ္မတကြီးနဲ့ တွေ့ဖို့ အစီအစဉ် ရှိပါတယ်။ အဲဒီကျရင် ဒီနေ့လုပ်တဲ့ ကိစ္စကို သတင်းပို့ပါ့မယ်။ ဆိုလိုတာက တကယ့်လုပ်ငန်းကြီးတွေ ကျနော်တို့ လုပ်နေပါတယ်။ သို့သော်လည်း SME လုပ်ငန်း ဘယ်လောက်အရေးကြီးလည်းဆိုတာ ပြောပါ့မယ်။ နောက်တခုလုပ်ချင်တာ ဂျပန်မှာ SME ၀န်ကြီးဌာနဆိုပြီး ဌာနတခုဖွဲ့ထားပါတယ်။ သမ္မတကြီးကို ပြောချင်တာ မြန်မာပြည်မှာလည်း SME လုပ်ငန်းစမယ်ဆိုရင် ဌာနတခုကို ဖွဲ့စေချင်တဲ့အကြောင်း ပြောပါမယ်။”


ယူအမ်အက်ဖ်စီစီအိုင်ဥက္ကဋ္ဌ ဦးဝင်းအောင်ကတော့ ဂျပန်နိုင်ငံရဲ့ နည်းပညာ အားသာချက်နဲ့ ဈေးကွက်အားသာချက်တွေကို ပူးပေါင်းဆောင်ရွက် နိုင်ခြင်းဖြင့် နှစ်နိုင်ငံ လုပ်ငန်းရှင်တွေအနေနဲ့ အကျိုးအမြတ် ခံစားခွင့်ရရှိမှာ ဖြစ်တဲ့အပြင် ကိုယ့်တိုင်းပြည်အတွက် လည်း အကျိုးအမြတ်ရ ရှိစေမယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

ဂျပန်စီးပွားရေးလုပ်ငန်းတခုဖြစ်တဲ့ ဆန်း အီလက်ထရွန်နစ် စက်မှု (Sun Electronic Industry)ကုမ္ပဏီလီမိတက်နဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် နှစ်ဖက်တွေ့ဆုံ ဆွေးနွေးခဲ့တဲ့ ပြည်တွင်းက ဂျေဂျေ- ပန့် (JJ-PUN)ကုမ္ပဏီလီမိတက် အထွေထွေမန်နေဂျာ ဦးစိုးမိုးမင်းဦးက မြန်မာအသေးစားနဲ့ အလတ်စားလုပ်ငန်းတွေ ဖွံ့ဖြိုးဖို့က အရှိန်များစွာ ယူဖို့လိုသေးတဲ့အကြောင်း ဒီဗွီဘီကို ပြောပါတယ်။

“မြန်မာပြည် SME တိုးတက်ဖို့အတွက် ကျနော်တို့ အများကြီး အချိန်ယူရပါဦးမယ်။ ကျနော်တို့မှာ အသုံးချသိပ္ပပညာစိန်ခေါ်မှု အခြား စိန်ခေါ်မှုတွေ အများကြီး ရှိနေပါတယ်။ အဲဒီစိန်ခေါ်မှုတွေကို ကျော်လွှားဖို့အတွက် အချိန်ယူရပါဦးမယ်။ နိုင်ငံတကာမှာ ရှိပြီးသား SME ကျွမ်းကျင်သူတွေနဲ့ အတူတူထိုင်ပြီး ဆွေးနွေးခဲ့ကြတယ်။ ဘယ်ဧရိယာတွေ ဖွံ့ဖြိုးဖို့လိုလဲ၊ ဘယ်ဧရိယာတွေအတွက် ကြိုးစားပြီး လုပ်ဖို့လိုလဲဆိုတာ ကျနော်တို့တွေ နားလည်လာမှာပါ။”

ဒီကနေ့ ဂျပန်နဲ့ မြန်မာစီးပွားရေး တွေ့ဆုံမှုမှာ ဂျပန်လုပ်ငန်းရှင် ၂၀ ဦးထဲမှာ နည်းပညာဆိုင်ရာနဲ့ အခြေခံအဆောက်အအုံဆိုင်ရာ ဆက်စပ်တဲ့ ကုမ္ပဏီလုပ်ငန်းစုတွေ အများဆုံး ပါဝင်ခဲ့ပြီး မြန်မာဘက်ကလည်း လုပ်ငန်းရှင် ၆၀ နီးပါး တက်ရောက် ဆွေးနွေးခဲ့ပါတယ်။

No comments: