Tuesday, October 21, 2014

လုပ်ငန်းစဉ်များ ချမှတ်မည့် UNFC ၏ ကောင်စီဝင် အစည်းအဝေး စတင်

ဖနိဒါ

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ လုပ်ငန်းစဉ်များ ဆွေးနွေးချမှတ်မည့် ပထမဆုံးအကြိမ် ကောင်စီဝင် အစည်းအဝေးက အောက်တိုဘာလ ၂၀ ရက်က ထိုင်း-မြန်မာနယ်စပ် တစ်နေရာတွင် ကျင်းပခဲ့သည်ဟု UNFC ဒု-ဥက္ကဌဖြစ်သူ နိုင်ဟံသာက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၅ ရက်မှ စက်တင်ဘာလ ၂ ရက်ထိ UNFC ညီလာခံကို ကျင်းပခဲ့ပြီးနောက် လာမည့် ၂၀၁၄-၂၀၁၆ ခုနှစ်ထိ နှစ်နှစ်သက်တမ်းအတွက် အဖွဲ့ဝင်အသစ်များ ရွေးချယ် တင်မြောက်ခဲ့ရာ ထိုအဖွဲ့ ဝင်သစ်များ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေး ကြမည် ဖြစ်ကြောင်း UNFC ၏ ဒု-ဥက္ကဌ နိုင်ဟံသာက ပြောသည်။

“ဒီအစည်းအဝေးက တဖက်က ညီလာခံပြီးတော့ သက်တမ်းသစ်မှာ လူသစ်တွေနဲ့ သူတို့တာဝန်ယူသွားရမဲ့ ကာလ အပိုင်းမှာ ဘယ်လို လုပ်ငန်းစဉ်တွေ ချမှတ်မလဲ။ ဒါတွေကို ယေဘူယျဆွေးနွေးရတာပေါ့လေ။ ဆွေးနွေး တော့ ဒီနေ့ ဖြစ်နေတဲ့ အခြေအနေ အနေအထားအပေါ်မှာ အကောင်းဆုံးလုပ်ငန်းစဉ်တွေကို ချမှတ်ရမှာပေါ့” ဟု သူက မဇ္စျိမကို ပြောသည်။

UNFC ဖွဲ့စည်းထားသော သုတေသနနှင့် ဥပဒေရေးရာဌာန၊ နိုင်ငံခြားရေးရာဌာန၊ စည်းရုံးရေးနှင့် ပြန်ကြားရေးဌာန၊ ဘဏ္ဍာရေးဌာန၊ ကာကွယ်ရေးဌာနနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဌာန၏ လုပ်ငန်း စဉ်များကို ဆွေးနွေးကြမည်ဟု ဆိုသည်။

ထို့ပြင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC )နှင့် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများကိုလည်း ပြန်လည် သုံးသပ်ကြမည် ဖြစ်သလို လက်ရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အစိုးရတပ်ဖွဲ့တို့အကြား တင်းမာနေမှုများအပေါ် ဆွေးနွေးကြမည်ဖြစ်ကြောင်း နိုင်ဟံသာက ပြောသည်။

“တိုက်ပွဲဖြစ်ပွားနေတဲ့ကိစ္စတွေလည်း ဆွေးနွေးရမှာပါ။ အစိုးရနဲ့ ဆွေးနွေးနေတဲ့ ငြိမ်းချမ်းရေး အခြေအနေတွေ သုံးသပ်ပြီးတော့ ဘယ်လို အစီအစဉ်တွေချမလဲ ဆိုတဲ့ဟာတွေပေါ့” ဟု သူက ပြောသည်။

UPWC နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆွေးနွေးရန် အလွတ်သဘောတွေ့ဆုံ၍ ထပ်မံ တွေ့ဆုံ ဆွေးနွေးကြရန် UNFC က မကြာမီက အကြောင်း ကြားထားသော်လည်း ဦးအောင်မင်းတို့ဘက်မှ အကြောင်း ပြန်ကြားခြင်း မရှိသေးကြောင်း သူက ဆိုသည်။

အောက်တိုဘာလ ၁၅ ရက်ကလည်း ကချင်၊ ကရင်နှင့် ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းအချို့နှင့် မြန်မာ့အတပ်မတော်မှ တိုက်ပွဲများ ဆက်လက် မဖြစ်ပွားရန် အမြန်ဆုံး အရေးယူ ဆောင်ရွက် သွားစေလိုကြောင်း အပါအဝင် အချက်ငါးချက်ကို အစိုးရထံ တောင်းဆိုထားသည်။

အစည်းအဝေးကို အောက်တိုဘာလ ၂၁ ရက်ထိ ကျင်းပမည် ဖြစ်ပြီး UNFC ကိုယ်စားလှယ်ဝင်ပေါင်း ၄၀ ခန့် တက်ရောက် ဆွေးနွေးလျက်ရှိသည်။ထိုအစည်းအဝေး ကျင်းပပြီးနောက် တစ်စုံတစ်ရာ သဘောတူညီချက် ချမှတ်မည် ဖြစ်ကြောင်း နိုင်ဟံသာက ပြောသည်။

၎င်းအစည်းအဝေးသို့ တက်ရောက်ရန် မကြာမီက ယာယီနုတ်ထွက်ထားသော ကရင်အမျိုးသားအစည်းအရုံး (KNU) ကို ဖိတ်ခေါ်ထားသော်လည်း တက်ရောက်လာခြင်း မရှိသေးကြောင်း UNFC ၏ တွဲဘက် အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

“KNU ကို ဖိတ်တာပေါ့။ UNFC ကတော့ အဖွဲ့ဝင်လို့ဘဲ သဘောထားတော့ ဖိတ်ပါတယ်။ အခုလက်ရှိတော့ တက်တဲ့စာရင်းထဲမှာ မတွေ့ဘူး။ စာရင်းမှာတော့ အဖွဲ့ဝင်ဘဲ ရှိနေသေးတာ”ဟု သူက မဇ္စျိမကို ပြောသည်။

KNU ကမူ UNFC အဖွဲ့ဝင်ဖြစ်ရေး၊ မဖြစ်ရေးကို ဗဟိုကော်မတီဝင် အစည်းအဝေးကို လာမည့် အောက်တိုဘာလ ၂၃ ရက်တွင် ဆွေးနွေးဆုံးဖြတ်ကြမည် ဖြစ်သည်။

No comments: