Saturday, February 28, 2015

၈၈ နောက်ပိုင်း လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်ခံရမှုများ တိုင်ကြားနိုင်

မေစစ်ပိုင်

မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ် နောက်ပိုင်း ကာလအတွင်း ဖြစ်ပွားခဲ့သည့် လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်ခံရမှုများနှင့် ပတ်သက် ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ စုံစမ်းဖော်ထုတ်ရေး ကော်မတီသို့ လာရောက် တိုင်ကြားနိုင်ကြောင်း သိရသည်။

လူ့အခွင့်အရေး ချိုးဖောက်ခံရသူများသည် ကိုယ်တိုင်လာရောက် တိုင်ကြားခြင်း ပြုရမည်ဟုလည်း ဆိုသည်။

“စုံစမ်းမှုတွေလုပ်ဖို့ ပြင်ဆင်နေရတဲ့ အပိုင်းတွေလည်း ရှိတော့ လာမယ့် မတ်လဆန်းမှာ စပြီးတော့ စုံစမ်းမှုတွေ လုပ်တော့မယ်။ စုံ စမ်းမှုတွေ လုပ်တယ်ဆိုတာကလည်း အဲဒီတုန်းက အဖြစ်အပျက်တွေကို မှတ်တမ်းမှတ်ရာအဖြစ် သိမ်းဆည်းထားဖို့ ဖြစ်တယ်။ လုပ်ခဲ့တဲ့သူကို တရားစွဲဖို့နဲ့ အပြစ်တင်ဖို့ မဟုတ်ပါဘူး”ဟု ထိုကော်မတီ အဖွဲ့ဝင် ဒေါက်တာ ဇော်မြင့်က ဧရာဝတီကို ပြောသည်။

လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်ခံရမှုများ မှတ်တမ်းပြုစုနိုင်ရေး အတွက် သင်တန်းပေးခြင်း၊ အကူအညီပေးခြင်း စသည်များကို နိုင်ငံ တကာ အဖွဲ့အစည်းများက ကူညီထောက်ပံ့မည် ဖြစ်ကြောင်း၊ စုံစမ်းဖော်ထုတ်ခြင်းနှင့် မှတ်တမ်းတင်ခြင်း များ၌ တိကျမှန်ကန်မှု ရှိစေရန် ကော်မတီက အလေးထား ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

ဒေါက်တာ ဇော်မြင့်က“လာပြီး တိုင်ကြားတဲ့သူတော့ မရှိသေးဘူး။ သွားလာရ လွယ်ကူတဲ့ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတို့လို နေရာတွေက ကိစ္စတွေကို ဦးစားပေးမယ်။ ဝေးလံတဲ့ နေရာတွေက ချိုးဖောက်ခံရတဲ့ ကိစ္စတွေကိုတော့ ကော်မတီဝင်အင်အား များပြားလာတဲ့ အခါမှ ဆက်လုပ်သွားမယ်။ အဲဒီလို ဝေးလံတဲ့ ဒေသတွေကလည်း ကျနော်တို့နဲ့ လာပြီး ချိတ်ဆက်ထားတဲ့ ကိစ္စမျိုးတွေတော့ ရှိတယ်”ဟု ပြောဆိုသည်။

၁၉၈၈ မှ ၂၀၁၀ ပြည့်နှစ်အတွင်း ဖြစ်ပွားခဲ့သည့် လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်ခံခဲ့ရသူများ၊ ဖြစ်ရပ်များကို စုံစမ်းဖော်ထုတ်ရန်၊ မှတ်တမ်းတင် သိမ်းဆည်းထားရန်နှင့် နောက်ပိုင်းတွင် အထိမ်းအမှတ် ပြတိုက်အဖြစ် ထားရှိနိုင်ရန်အတွက် လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ စုံစမ်းဖော်ထုတ်ရေး ကော်မတီကို ဇန်နဝါရီလ ၁၆ ရက်က စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“တခြား လူ့အခွင့်အရေး ချိုးဖောက်မှု ကိစ္စတွေကို လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေ အများအပြား ရှိနေတယ် ဆိုပေမယ့် ဒီလိုမျိုး ၈၈ နောက်ပိုင်း ကိစ္စတွေ စုံစမ်းဖော်ထုတ်ဖို့ မရှိသေးတော့ လိုအပ်နေတယ်လို့ ကျနော်တို့ ယူဆတယ်”ဟု ဒေါက်တာ ဇော်မြင့်က ဆို သည်။

လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ စုံစမ်းဖော်ထုတ်ရာတွင် နာမည်ကျော်၊ နာမည်ရ သူရဲကောင်းများ၊ လူပုဂ္ဂိုလ်များ သာမက လူ အများ မေ့လျော့နေကြသော လူ့အခွင့်အရေး ချိုးဖောက်ခံရသူများကိုပါ ရှာဖွေဖော်ထုတ် မှတ်တမ်းတင်မည် ဖြစ်ကြောင်း၊ ထိုကဲ့သို့ မှတ်တမ်းတင်မှသာ ယင်းကာလများက အာဏာရှင်များ၏ ရက်စက်မှုကို နောင်လာနောက်သားများ သိနိုင်မည်ဖြစ်ကြောင်းလည်း အဆိုပါ ကော်မတီက ပြောသည်။

လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ စုံစမ်းဖော်ထုတ်ရေး ကော်မတီကို ညီညွတ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့(UNDO)၊ လူ့အခွင့် အရေး ကာကွယ်မြှင့်တင်မှုများ ကွန်ရက်၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ ကွန်ရက်၊ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး သံဃာ တော်များနှင့် မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂ အပါအဝင် လွတ်လပ်ပြီး လူမှုရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်း ပေါင်း ၂၀ ကျော်ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

အစိုးရ ကလည်း နိုင်ငံသားများ၏ မူလအခွင့်အရေးများ တိုးမြှင့်ရေးနှင့် ကာကွယ်ရေး ကိစ္စတို့ကို ဆောင်ရွက်ရန် အတွက်ဟုဆိုပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ၂၀၁၁ ခုနှစ်က ဖွဲ့စည်းခဲ့သည်။

ယင်း ကော်မရှင်သည် လူ့အခွင့်အရေး ချိုးဖောက်ခံရမှု တချို့ကို စုံစမ်းဖော်ထုတ်၍ အစီရင်ခံစာရေးသားခြင်း နှင့် လူ့အခွင့်အရေး မြှင့် တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

No comments: