Saturday, February 28, 2015

မုံရွာတွင် ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားပြီး ကြက်၊ ငုံး သေဆုံးမှု မြင့်မားနေ

ဇူးဇူး

ကြက်ငှက်တုပ်ကွေး ရောဂါ ဖြစ်ပွားနေသော မုံရွာမွေးမြူရေးဇုန်တွင် ကြက်၊ ငုံး သေဆုံးမှုနှုန်း ဆက်လက် မြင့်မားလျက်ရှိပြီး ဇုန်ထဲရှိ ကြက်၊ ငုံးများ ဇုန်ပြင်ပ မရောက်ရှိရေးအတွက် အထူးကြပ်မတ် ဆောင်ရွက်နေကြောင်း သိရသည်။

“သေဆုံးမှုက ဆက်လက် ဖြစ်ပွားနေတယ်။ ဒါပေမယ့် စာရင်းဇယား အရတော့ သေချာ မသိသေးဘူး။ ကျန်ရှိနေသေးတဲ့အကောင် အရေအတွက်နဲ့ ဆိုရင်တော့ သေနှုန်းက မြင့်သွားတာပေါ့။ ပြန်ပြီး ထူထောင်လာနိုင်စရာ အကြောင်းမရှိတော့ သုတ်သင် ရှင်းလင်း တာလည်း ရှိတယ်”ဟု ရွှေဘိုခရိုင် တန့်ဆည်မြို့ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာ ဇော်ဇော်ဝင်းက ဧရာဝတီကို ပြောသည်။

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း အကြီးဆုံး မွေးမြူရေးဇုန် ဖြစ်သည့် မုံရွာမွေးမြူရေးဇုန် အတွင်းရှိ ကြက်၊ ငုံး မွေးမြူရေးခြံများမှ ကြက်၊ ငုံးများသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်က စတင် သေဆုံးခဲ့သောကြောင့် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ဓာတ်ခွဲခန်းများသို့ ပေးပို့စစ်ဆေးခဲ့ရာ H5N1 ကြက်ငှက်တုပ်ကွေး ရောဂါဖြစ်ပွားနေကြောင်း ကြက်ငှက်တုပ်ကွေးရောဂါ ထိန်းချုပ်ကာကွယ် တားဆီးရေး အဖွဲ့က ဖေဖော်ဝါရီလ ၂၄ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

ထို့အပြင် ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားနေသည့် မုံရွာမွေးမြူရေးဇုန် အတွင်းမှ ဥစားကြက်အရှင် အကောင် ၁၂၀ နှင့် ကြက် အသေ ၁၀ ကောင်၊ ငုံးအသေ အကောင် ၃၀၀၀ နှင့် ငုံးအရှင် ၁၀၀၀ တို့ကို ဖေဖော်ဝါရီ ၂၅ ရက်က လိုက်ထရပ်ယာဉ် တစီး၊ ဆိုင် ကယ်လေးစီးတို့ဖြင့် ဇုန်အတွင်း ခြံသုံးခြံမှ ၀ယ်ယူပြီး ဇုန်ပြင်ပသို့ သယ်ဆောင်လာစဉ် သက်ဆိုင်ရာက ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။

သေဆုံးကြက်နှင့် ငုံးများကို မြေမြှုပ်ခြင်းလုပ်ငန်းအား ဖေဖော်ဝါရီ ၂၃ ရက်က စတင်လုပ်ဆောင်ခဲ့ရာ ဖေဖော်ဝါရီလ ၂၅ ရက်အထိ အကျယ် ၁၀ ပေ ပတ်လည်ရှိပြီး ၉ ပေနက်သည့် ကျင်းသုံးကျင်း ပြည့်သွားပြီဟု မြေမြှုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်နေသူများက ပြောပြသည်။

မုံရွာမွေးမြူရေး စက်မှုဇုန်တွင် လုပ်ကိုင်နေသူ ကိုဖက်တီးက “လောလောဆယ် ထိန်းချုပ်ထားတဲ့ အခြေအနေမှာ ရှိပါတယ်။ ဇီဝလုံခြုံမှု အားနည်းလို့ ဖြစ်တာလို့ ယူဆတယ်”ဟု ပြောသည်။

ယခုဖြစ်ပွားနေသည့် ကြက်ငှက်တုပ်ကွေး ရောဂါသည် လူကိုကူးစက်မှု မရှိသေးကြောင်း၊ ကူးစက်လာပါကလည်း ကုသနိုင်ရန် မုံရွာမြို့ ပြည်သူ့ဆေးရုံကြီး အတွင်း အဆောင်တဆောင် သီးသန့်အခန်းထား၍ လိုအပ်သည့် ဆေးဝါးနှင့် အကူပစ္စည်းများ ဆောင်ရွက် ထားကြောင်း သိရသည်။

“လူတွေကူးစက်မှု မဖြစ်အောင် စောင့်ကြပ် ကြည့်ရှုနေတယ်။ လက်ရှိတော့ ကြက်ငှက်တွေမှာပဲ ဖြစ်ပွားတဲ့ အနေအထားပဲ ရှိပါသေး တယ်။ ဒီရောဂါ လူမှာ ကူးစက်တယ်လို့ သံသယဖြစ်စရာ အခုချိန်ထိ ဘာမှ မတွေ့ရှိသေးပါဘူး”ဟု ဗဟို ကူးစက်ရောဂါ တိုက်ဖျက် ရေးဌာန(နေပြည်တော်) မှ ဒေါက်တာ ကျော်ကံကောင်း က ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၀၆ ခုနှစ် အတွင်းက ကြက်ငှက်တုပ်ကွေးရောဂါ စတင် ဖြစ်ပွားခဲ့ပြီး ၂၀၀၇၊ ၂၀၁၁၊ ၂၀၁၂ တို့တွင် ဖြစ်ပွားခဲ့သော်လည်း ရောဂါပြန့်ပွားမှု မဖြစ်ရန် ထိန်းချုပ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ တိရစ္ဆာန် ကုသရေး ဆရာဝန်များအသင်း ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်တင်တင်မြိုင်ကလည်း ပြောပြသည်။

မုံရွာမြို့ ကြက်၊ ငုံးမွေးမြူရေး အထူးဇုန်ကြီး၌ ယခုဖြစ်ပွားသော ကြက်ငှက်တုပ်ကွေးရောဂါ မ၀င်ခင်အထိ ဥစားကြက်ခြံ ၁၂၃ ခြံ တွင် ဥစားကြက်ကောင်ရေ ၂ သိန်းနီးပါးနှင့် ငုံးခြံ ၅၁ ခြံတွင် ငုံးအကောင်ရေ ငါးသိန်း မွေးမြူထားကြောင်း သိရသည်။

အဆိုပါ ရောဂါကြောင့် ဖေဖော်ဝါရီ ၂၆ ရက် အထိ ကြက် ၃၂၄၁ ကောင်၊ ငုံး ၁၃၆၁၉ ကောင် သေဆုံးသွားပြီး ပြင်ပကြက်ခြံများ ကူးစက်ခြင်း မရှိစေရန် အတွက် မွေးမြူရေးဇုန် အတွင်းသို့ အ၀င်အထွက်များ အထူးကြပ်မတ်ခြင်း၊ ရောဂါကြောင့် သေဆုံးကြက်နှင့် ငုံးများကို စနစ်တကျ မြှုပ်နှံခြင်း၊ ဇုန်အတွင်း ဇီဝလုံခြုံရေး မြှင့်တင်ခြင်းကို စစ်ကိုင်းတိုင်း ဒေသကြီး ကြက်ငှက်တုတ်ကွေး ထိန်းချုပ် ရေး အဖွဲ့က ဆောင်ရွက်နေသည်ဟုလည်း ဆိုသည်။

ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားမှုအား တခြားသော တိုင်းဒေသကြီး၊ ပြည်နယ်များ၌ ကြက်ငှက်များတွင် သာမက လူသို့ကူးစက်မှု မရှိစေရန် အတွက် လိုက်နာဆောင်ရွက်ကြရမည့် အချက်များကို မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာနမှ ထုတ်ပြန် ကြေညာထားသည်။

No comments: