Friday, February 27, 2015

အက်ဖ်အမ်အိုင် လေကြောင်းလိုင်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေး ပုံမှန်ခရီးစဉ်များ စတင်ပြေးဆွဲ

သီဟကိုကို

FMI Air သည် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့များသို့ ပုံမှန်ခရီးစဉ်များ စတင်ပြေးဆွဲသွားမည်ဟု FMI Air Ltd မှ ထုတ်ပြန်ခဲ့သည်။

FMI Air သည် ဖေဖော်ဝါရီ ၂၅ ရက်မှ စတင်ကာ မန္တလေးသို့ နေ့စဉ် ပျံသန်းပြေးဆွဲသွားမည်ဖြစ်ပြီး စင်လုံးငှား အချိန်စာရင်းပြည့်ဖြင့် ရန်ကုန်မှ နေပြည်တော်သို့လည်း ဆက်လက်ပျံသန်းသွားမည်ဟု ထုတ်ပြန်ထားသည်။

FMI Air သည် လေကြောင်းညွှန်ကြားမှု ဦးစီးဌာနမှ တရားဝင် လေယာဉ်ပျံသန်းဝန်ဆောင်ခွင့် လက်မှတ် ရရှိခဲ့ပြီးဖြစ်သည့်အတွက် FMI Air စင်းလုံးငှား ဝန်ဆောင်မှုမှ Bombordier CRJ 200 Jet လေယာဉ်ဖြင့် နေ့စဉ် ပုံမှန်ခရီးစဉ်များ စတင်ပြေးဆွဲမည်ဖြစ်သည်။

FMI Air မှ အမှုဆောင်အရာချုပ် Mr Bruce Nobles က "ကျွန်တော်တို့ပြေးဆွဲလိုတဲ့ လေယာဉ် အမျိုးအစားသစ်နဲ့ လေယာဉ်ပျံသန်း ဝန်ဆောင်ခွင့် လက်မှတ်ရရှိရေးအတွက် လေကြောင်းညွှန်ကြားမှု ဦးစီး ဌာနနှင့် အတူတကွ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ခရီးသည်များကို Bombardier CRJ 200 လေယာဉ်အမျိုးအစားဖြင့် မြန်မာနိုင်ငံတွင်း ဒေသများသို့ ပို့ဆောင်ပေးနိုင်ဖို့ စိတ်ထက်သန်နေပါတယ်" ဟု ပြောသည်။

မန္တလေးနှင့် လက်ရှိ ပျံသန်းပြေးဆွဲနေသာ ရန်ကုန် - နေပြည်တော်ခရီးစဉ်များသည် FMI Air ၏ CRJ 200 လေယာဉ်ဖြင့် ပြေးဆွဲမည့် ပထမဆုံးဈေးကွက်ဖြစ်ပြီး လေယာဉ်အရေအတွက် တိုးတက်များပြားလာလျှင် ခရီးစဉ်များ တိုးချဲ့ပျံသန်းသွားမည်ဖြစ်သည်။

FMI Air ၏ ဒုတိယမြောက်လေယာဉ်မှာ မတ်လကုန်နှင့် မေလ အစောပိုင်း ဝန်းကျင်တွင် ရောက်ရှိမည် ဖြစ်ပြီး ပြည်တွင်းရှိ အခြားလေကြောင်းလိုင်းမှ ငှားရမ်းအသုံးပြုမှုအစား ကိုယ်ပိုင်လေယာဉ်များဖြင့် ပျံသန်းပြေး ဆွဲမှုများကို လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ထားသည်။

No comments: