Friday, February 27, 2015

ထိုင်း ငါးသေတ္တာ စက်ရုံရှိ မြန်မာအလုပ်သမားများ ဆန္ဒပြတောင်းဆိုမှု ပြေလည်

ကျော်ခ

ထိုင်းနိုင်ငံတောင်ပိုင်း မလေးရှား နယ်စပ်အနီးရှိ ဆောင်ခလာခရိုင် အတွင်းက Siam International Food (SIF) ငါးသေတ္တာ စက်ရုံမှာ ဆန္ဒပြခဲ့ကြတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ တောင်းဆိုမှုအားလုံး ညှိနှိုင်း ပြေလည်သွားပြီဖြစ်လို့ ဆန္ဒပြမှုကို ရပ် ဆိုင်းပြီး အလုပ်ခွင်ကို ပြန်လည် ဝင်ရောက်ကြပြီလို့ သိရပါတယ်။

“အလုပ်သမားတွေ တောင်းဆိုတဲ့ အချက် ၇ ချက်လုံးကို ဒီစက်ရုံရဲ့ ရှယ်ယာရှင် သူဌေးအားလုံးက သဘောတူလိုက်ကြတယ်။ အလုပ်သမားတွေလည်း ပျော်သွားကြတယ်”လို့ လုပ်ငန်းရှင်နဲ့ အလုပ်သမားတွေ အကြား စကားပြန်အဖြစ် ဆောင်ရွက်ပေးတဲ့ ကိုစိုင်းဆိုင်ခမ်း က ဧရာဝတီကို ပြောပြပါတယ်။

မြန်မာရွှေ့ပြောင်း အလုပ်သမား တထောင်ကျော်ဟာ စက်ရုံလုပ်ငန်းခွင်အတွင်း သူတို့အပေါ် ဖိနှိပ်မှုတွေ ရပ်ဖို့နဲ့ အလုပ်သမား အခွင့်အရေး ခံစားခွင့်တွေ ထားရှိပေးဖို့ ဒီလ ၂၄ ရက်က အလုပ်မဆင်းဘဲ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြပြီး ဒုတိယမြောက်နေ့မှာ ဒေသခံ အာဏာပိုင်တွေ၊ လုပ်ငန်းရှင်တွေနဲ့ အလုပ်သမားတွေ အကြား မျက်နှာချင်းဆိုင် တွေ့ဆုံဖြေရှင်း နိုင်ခဲ့ကြတာ ဖြစ်တယ်လို့ ဆို ပါတယ်။

ဆွေးနွေးပွဲကို ဆန္ဒပြ မြန်မာအလုပ်သမားတွေနဲ့ အတူ စက်ရုံရှယ်ယာဝင် သူဌေးတွေ၊ ဆောင်ခလာခရိုင် ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေ၊ ဆောင်ခလာခရိုင် အလုပ်သမားရုံးနဲ့ ထိုင်းနိုင်ငံ အလုပ်သမားရေးရာက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပြီး သဘောတူညီချက် ၇ ချက်လုံးကို အစည်းအဝေး အပြီးမှာပဲ ချက်ချင်း ဆောင်ရွက် ပေးခဲ့တယ်လို့ သိရပါတယ်။

အလုပ်သမားတွေရဲ့ တောင်းဆိုချက် ၇ ချက်ထဲမှာ ကျန်းမာရေး မကောင်းလို့ အလုပ်မဆင်းနိုင်ခြင်းအပေါ် ဖိအားပေးခိုင်းစေခြင်း၊ အလုပ်သမား ခေါင်းဆောင်တွေရဲ့ ဖိနှိပ်ခံရမှုတွေအပေါ် စက်ရုံအနေနဲ့ ကာကွယ်ပေးဖို့နဲ့ အလုပ်နားရက် အပြည့်အဝ နားခွင့်ပြုဖို့ အပါအဝင် ရောဂါဝေဒနာ အလိုက် စောင့်ရှောက်မှုတွေ ပြုလုပ်ပေးဖို့တို့ ပါဝင်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ဒါတွေအပြင် အလုပ်ပိတ်ရက် တနင်္ဂနွေနေ့မျိုးမှာ အလုပ်ဆင်းခိုင်းရင် လုပ်အားခ နှစ်ဆပေးဖို့၊ အလုပ်ချိန် ၈ နာရီအတွင်း အလုပ် သမား တယောက်ကို တနာရီ ၈ ကီလိုပြီးအောင် လုပ်ပေးဖို့ အချိန်သတ်မှတ် ဖိအားပေး ခိုင်းစေမှုကို ဖျက်သိမ်းပေးဖို့နဲ့ အလုပ် သမား တန်းလျားမှာ ရေကောင်းရေသန့် ရရှိဖို့ အတွက်လည်း အလုပ်သမားတွေက တောင်းဆိုထားကြတာ ဖြစ်ပါတယ်။

လုပ်ငန်းရှင်တွေနဲ့ ကိုယ်တိုင် ဆွေးနွေးခဲ့တဲ့ မန္တလေးတိုင်း ကျောက်ဆည်မြို့က ကိုသန်းဝင်းက“ကျနော်တို့ တောင်းဆိုချက်တွေကို အကုန် လိုက်လျော ပေးပါတယ်။ ကျနော်တို့အပေါ် မတရား တင်းကျပ်ထားတဲ့ စည်းမျဉ်းတွေ ချက်ချင်းပြင်ပေးလိုက်သလို၊ ဖိနှိပ်တဲ့ အလုပ်သမား ခေါင်းဆောင်တွေကိုလည်း ချက်ချင်း နေရာလဲပေးလိုက်ပါတယ်”လို့ ပြောပါတယ်။

ပထမရက် ဆန္ဒပြတဲ့နေ့မှာ အလုပ်သမား တထောင်ကျော်သာ ထွက်ပြခဲ့ပြီး၊ ချက်ချင်း ပြေလည်မှု မရကြောင်း၊ ဒုတိယရက်မှာတော့ စက်ရုံအတွင်းမှာရှိတဲ့ မြန်မာအလုပ်သမား စုစုပေါင်း သုံးထောင်ကျော်က အလုပ်မဆင်းဘဲ ညီညီညွှတ်ညွှတ်နဲ့ ဆန္ဒဖော်ထုတ်ခဲ့ကြ တဲ့ အတွက် ရလဒ်ကောင်းတွေ ရရှိခဲ့တာဖြစ်ကြောင်း ကိုသန်းဝင်းက ပြောပါတယ်။

စက်ရုံလုပ်ငန်းရှင်ဘက်က ကုန်ပစ္စည်း လိုအပ်ချက် များလာချိန်များမှာ အချိန်ပို ဆင်းပေးကြဖို့ တောင်းဆိုပြီး အလုပ်သမားတွေ ဘက်ကလည်း ရံဖန်ရံခါ တရားပွဲများ ကျင်းပခွင့်ပြုဖို့ကိုပါ အပြန်အလှန် တောင်းဆိုခဲ့ကြပြီး သဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ်။

SIF ငါးသေတ္တာစက်ရုံမှာ တရက်ကို အလုပ်ချိန် ၈ နာရီ သတ်မှတ်ပေးထားပြီး တရက် လုပ်အားခ ဘတ် ၃၀၀ (ကျပ်တသောင်း ခန့်) အချိန်ပိုကြေး တနာရီ ၅၆ ဘတ် (ကျပ် နှစ်ထောင်ခန့်) မူလကတည်းက ရရှိထားတာ ဖြစ်ပြီး သဘောတူညီချက် အသစ်အရ တနင်္ဂနွေနေ့ အလုပ်ဆင်းရလျင် လုပ်အားခ နှစ်ဆရမှာ ဖြစ်တဲ့အပြင် သတ်မှတ် ကီလိုနှုန်းထားအစား နေ့စားအဖြစ် ပြောင်းလဲ လိုက်တဲ့အတွက် ဖိအားတွေလည်း လျော့ကျသွားမယ်လို့ အလုပ်သမားတွေက ဆိုပါတယ်။

“အလုပ်သမားတွေ ဆန္ဒပြမှုအပေါ်မှာ သူတို့ စိုးရိမ်တာပေါ့။ နိုင်ငံခြားပို့ရမယ့် သူတို့ပစ္စည်းတွေ အချိန်မီ မပို့နိုင်ရင် ထိခိုက်မှုတွေ ရှိလာနိုင်တယ်လေ။ အလုပ်သမားတွေရဲ့ တောင်းဆိုချက်ကလည်း လုပ်ငန်းရှင်တွေကို ကြီးကြီးမားမား ထိခိုက်စေမယ့် အရာတွေ မဟုတ်ဘူး။ လိုက်ရောပေးလိုက်တော့ နှစ်ဦးနှစ်ဖက် အဆင်ပြေသွားတာပေါ့”လို့ ကိုစိုင်းဆိုင်ခမ်း က ပြောပါတယ်။

SIF ငါးသေတ္တာစက်ရုံ ဆန္ဒပြခံရမှုဟာ တတိယအကြိမ် ဖြစ်ပါတယ်။ လက်ရှိတောင်းဆိုနေတဲ့ အလုပ်သမား အခွင့်အရေးတွေ ရရှိဖို့အတွက် အရင်က နှစ်ကြိမ်တိုင်တိုင် တောင်းဆိုခဲ့ဖူးပြီး ထိရောက်တဲ့ ပြေလည်မှုတွေ မရရှိခဲ့ဘူးလို့ သိရပါတယ်။

No comments: