Saturday, February 28, 2015

မင်းအုပ်စိုး ရှေ့နေ၏ မေးခွန်းအချို့ တရားခွင်တွင် ပယ်ချခံရ

ကျော်စိုးမိုး

လူသတ်မှုဖြင့် တရားစွဲဆိုခံထားရသည့် သရုပ်ဆောင်၊ ဒါရိုက်တာ မင်းအုပ်စိုး၏ အမှုအတွက် တရားလိုကို စတင်စစ်ဆေးရာတွင် တရားစွဲခံထားရသူ၏ ရှေ့နေမေးမြန်းသည့် မေးခွန်းအချို့ကို တရားသူကြီးက မေးမြန်းခွင့်မပြုခဲ့ပေ။

သရုပ်ဆောင်၊ ဒါရိုက်တာမင်းအုပ်စိုး၏ အမှုအတွက် ပထမဆုံးရုံးထုတ်စစ်ဆေးခြင်းအဖြစ် အမှုကိုတရားလိုပြု တိုင်တန်းထားသည့် တရားလိုဖြစ်သူဒဂုံမြို့မရဲစခန်းမှ ရဲအရာခံလင်းထွဋ်ကို ဖေဖော်ဝါရီ ၁၆ ရက်တွင် အနောက်ပိုင်းခရိုင်တရားရုံး၊ တွဲဖက်ခရိုင်တရားသူကြီး (၂) ကစတင်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ရဲအရာခံ လင်းထွဋ်ကို မေးခွန်းများ မေးမြန်းစစ်ဆေးခဲ့ရာ တရားစွဲခံထားရဘက်မှ ရှေ့နေ၏ မေးခွန်းဖြစ်သည့် အခင်းဖြစ်ပွားချိန်တွင် အတူနေထိုင်သူများကို စစ်ဆေးပါက မင်းအုပ်စိုးက တေးနုရင်ကိုသတ်ခဲ့ခြင်း သို့မဟုတ် မတော်တဆဖြစ်ခြင်းကို အတိကျ သိနိုင်ပါသလားဟု မေးမြန်းခဲ့ရာ တရားသူကြီးက ယင်းမေးခွန်းစပ်လျဉ်း၍ ရုံးတော်မှ သက်သေသည် တရားလိုသာဖြစ်ပြီး အမှုစစ်မဟုတ်ခြင်း၊ မေးခွန်းမှာလည်း ထင်မြင်ချက်မေးခွန်းဖြစ်သဖြင့် မေးမြန်းခြင်းမပြုရန် အမိန့်ချမှတ်လိုက်သည်။

ထပ်မံ၍ မင်းအုပ်စိုးသည် တေးနုရင်ကိုထိုးကြိတ်ခြင်း၊ ကန်ကျောက်ခြင်း၊ ကိုင်ဆောင့်ခြင်းများပြုလုပ်ခဲ့သဖြင့် သေဆုံးခဲ့သည်ဟု စခန်းတွင် လာရောက်ဝန်ခံခဲ့ပြီး စခန်းမှသွားရောက်စစ်ဆေးခဲ့ရာ မင်းအုပ်စိုး၏ ထွက်ဆိုချက်နှင့်မှန်ကန်သဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်ဟု ဆိုလျှင် မည်သည့်အချက်များ မှန်ကန်ကြောင်း ရှင်းလင်းပေးရန် တရားစွဲခံထားရသူ၏ ရှေ့နေကမေးမြန်းခဲ့သည်။

တရားသူကြီးက ရုံးတော်မှ အဆိုပါမေးခွန်းသည် အပြန်အလှန်မေးရာတွင် တိုက်ရိုက်မေးမြန်းခြင်းမဟုတ်ဘဲ ရှင်းပြခိုင်းခြင်းဖြစ်ရာ သက်သေမှ အဆိုပါမေးခွန်းနှင့် ပတ်သက်၍ ဖြေကြားပြီးဖြစ်သဖြင့် မေးမြန်းခွင့်မပြုပါဟု ပြောသည်။

မင်းအုပ်စိုးသည် တေးနုရင်ကို သေစေလိုသည့် ရည်ရွယ်ချက်မရှိဘဲပေါ့ဆ၍သာ တေးနုရင်သေဆုံး သွားခြင်းဖြစ်သည်ဟုဆိုလျှင် တရားလိုက မိမိသည် မင်းအုပ်စိုး၏စိတ်အတွင်းသဏ္ဍန်ကိုမသိသဖြင့် မပြောနိုင်ပါဟုထွက်ဆိုခဲ့သည်။

တေးနုရင်သည် မင်းအုပ်စိုး၏ သရပါမဂ္ဂဇင်းတိုက်တွင် အခြားအမျိုးသမီး လေးဦးနှင့်အတူ နေထိုင်ခြင်းဖြစ် သော်လည်း အခင်းဖြစ်ပွားသည့်နေ့တွင် အမျိုးသမီးတစ်ဦးမှာ ၎င်း၏ နေအိမ်သို့ပြန်သွားသဖြင့် အမျိုးသမီးသုံးဦးသာရှိသည်ကို ဗဟန်းရဲစခန်းထံမှသိရပြီး ယခုရုံးရှေ့တွင်တရားစွဲခံထားရသူ၏ ရှေ့နေဘက်မှ အချက်အလက်နှင့်ကွဲပြားမှုများရှိနေသည်ဟု သေဆုံးသူ၏ အစ်မ၀မ်းကွဲတော်စပ်သူ မသင်းသင်းမူကပြောသည်။

" အမှုဖြစ်ပြီးဗဟန်းရဲစခန်းကသိရတာက အဲ့ဒီနေ့ကတေးနုရင်တို့နေတဲ့ အခန်းမှာ အခန်းဖော် သုံးယောက်ပဲရှိတယ်လို့သိရပါတယ်၊ အခုတစ်ဖက် ရှေ့နေရဲ့ပြောဆိုချက်ကလေး ယောက်ဖြစ်နေလို့ ကွဲလွဲမှုတွေရှိနေတာကို တင်ပြသွားမှာပါ၊ အခင်းဖြစ်ရပ်ကို သေဆုံးသူနဲ့ပြု လုပ်တဲ့သူသာသိနိုင်တဲ့ ကိစ္စရပ်ပါ၊ တစ်ဖက်ရှေ့နေရဲ့တစ်ဖက်သတ်ပြောဆိုမေးမြန်းချက်တွေကို လဲ အခုအချိန်မှာဘာမှမပြောချင်ပါဘူး၊ တရားရုံးက အမှန်တရားပေါ်ပေါက်အောင်ပဲ ဆောင်ရွက်ပေးစေချင်ပါတယ်။ " ဟုပြောသည်။

မနုနုရင်(ခ)တေးနုရင်သည် သရပါမဂ္ဂဇင်းတွင် တာဝန်ထမ်းဆောင်နေသည်မှာ ၇ နှစ်ဝန်းကျင် ခန့်ရှိနေပြီဖြစ်ပြီး ၎င်းအလုပ်လုပ်သည့် သရပါမဂ္ဂဇင်းတိုက်သည် မင်းအုပ်စိုး၏နေအိမ်ခြံဝင်းအတွင်းရှိကာ မဂ္ဂဇင်းဖောင်ပိတ်သည့်ရက်များတွင် တိုက်၌ ပင်ညအိပ်လေ့ရှိသူတစ်ဦးဖြစ်သည်။

အမှုဖြစ်စဉ်မှာပြီးခဲ့သည့် ဒီဇင်ဘာ ၂၅ ရက်၊ နံနက် ၂ နာရီခွဲဝန်းကျင်က ဗဟန်းမြို့နယ်၊ဗိုလ်ချိုရပ်ကွက်၊ ဖိုးစိန်လမ်းတွင်ရှိသည့် သရုပ်ဆောင်မင်းအုပ်စိုး၏နေအိမ်တွင် သရပါမဂ္ဂဇင်းအယ်ဒီတာ မနုနုရင်(ခ)တေးနုရင်ကို လူမှုရေးကိစ္စမေးမြန်းရာမှ မေးမရသဖြင့် မင်းအုပ်စိုးထိုးကြိတ် ရိုက်နှက်ခဲ့ရာမှ မနုနုရင်သေဆုံးခဲ့၍ ဗဟန်းမြို့မရဲစခန်း ရဲအရာခံလင်းထွဋ်က တရားလိုပြု တိုင်တန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့် ပက်သက်သည့် လူသေဆုံးသည်အထိရိုက်နှက်ခဲ့သည့် သရုပ်ဆောင်မင်းအုပ်စိုးကို ဒီဇင်ဘာ ၂၅ ရက်တွင် ဗဟန်းမြို့မရဲစခန်းက (ပ)၅၁၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်စစ်ဆေးခဲ့ခြင်း ဖြစ်ပြီးလာမည့် ဖေဖော်ဝါရီ ၂၅ ရက်တွင် ရုံးချိန်းထပ်မံစစ်ဆေးမည်ဖြစ်သည်။

No comments: