Saturday, February 28, 2015

အမဲနယ်မြေ သတ်မှတ်စရာအကြောင်း မရှိတော့ဟု တစည ဆို

ကယားထဲ

၂၀၁၀ ရွေးကောက်ပွဲက နယ်မြေ မအေးချမ်း၍ မဲရုံဆောက်ခွင့်မရသည့် ဒေသများကို အမဲရောင်နယ်မြေအဖြစ် ဆက်လက်သတ် မှတ်နိုင်စရာအကြောင်းမရှိတော့ကြောင်း ပြည်နယ် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) ဥက္ကဌ ဦးအောင်လင်းက ဖေဖော်ဝါရီလ ၂၀ရက်နေ့တွင် ပြောသည်။

“အမဲရောင်နယ်မြေဆိုတာတွေက မပြောသင့်တော့ဘူး။ မပြောရဲတော့ဘူး။ ပြောဖို့ အချိန်မဟုတ်တော့ဘူး။ အမဲရောင်နယ်မြေ သတ်မှတ်တာမျိုးတွေလည်း ရှိလာနိုင်မယ်လို့တော့ မထင်တော့ပါဘူး” ဟု ပြောသည်။

ပြည်နယ်တွင်းတွင် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အစိုးရတို့က ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပပြီး ဆက်ဆံရေး ရုံးများ ထားရှိနေ သည်ကို တွေ့မြင်နေရသည့်အတွက် ယုံကြည့်မှုရှိနေပြီဖြစ်ကြောင်း ဦးအောင်လင်းက ဆိုသည်။

တပြည်နယ်လုံး တွင် ကျေးရွာအုပ်စု ၇၉ အုပ်စုရှိရာ လုံခြုံရေးကန့်သတ်ချက် ကြောင့် ၂၀၁၀ ရွေးကောက်ပွဲအတွင်း ကျေးရွာ အုပ်စု ၂၇ အုပ်စုတွင် မဲရုံမဖွင့်နိုင်ခဲ့ကြောင်း ပြည်နယ်ကော်မရှင် အရာရှိ ဦးကျော်ဆန်းဝင်းက ပြောသည်။

ဦးကျော်ဆန်းဝင်းက “လာမည့် ရွေးကောက်ပွဲတော့ အခုတော့ အေးအေးဆေးဆေး ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်သွားတဲ့အတွက် အကုန်လုံး ကျင်းပသွားနိုင်မယ်လို့ ထင်ပါတယ်” ဟု ပြောသည်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) အနေဖြင့် ကယားပြည်နယ် လွတ်တော်သုံးရပ်နေရာများတွင် မြို့နယ်တိုင်း ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဟုလည်း ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးသိန်းထွန်းက ပြောသည်။

ဦးသိန်းထွန်းက “ပြည်နယ်မှာရှိတဲ့ ပြည်နယ်တိုင်းရင်းသားဖွံ့ဖြိုးတိုးတက်မှု တိုင်းရင်းသားဖွံ့ဖြိုးတိုးတက်မှု စီးပွားရေး ၊ လူမှုရေး ဖွံ့ဖြိုးမှုတွေကို တတ်စွမ်းသလို ဖော်ထုတ်ပါမယ်”ဟု ပြောသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် တစည ဗဟိုကော်မတီဌာနချုပ် အလုပ်အမှုဆောင် ကော်မတီဝင်များနှင့် မြို့နယ် ကော်မတီဝင်များက ပါတီနိုင်ငံရေးလှုပ်ရှားနေမှု အခြေအနေများနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးပွဲတရပ်ကို ဒီးမော့ဆိုမြို့ တစညရုံး၌ ကျင်းပသွားခဲ့ကြပြီး နောက် ယခုလို ပြောကြားသွားခြင်းဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲ၌ တပြည်နယ်လုံးတွင် မဲရုံ ၂၅၅ ရုံစာရင်း ရှိသော်လည်း ၁၈၅ ရုံသာ ဖွင့်လှစ်နိုင်ခဲ့ကြောင်း ပြည်နယ်ကော်မရှင်ရုံးမှ မှတ်တမ်းအချက်အလက်ရ သိရှိရသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် မဲရုံမဖွင့်နိုင်ခဲ့သည့် အမဲနယ်မြေ ကျေးရွာအုပ်စုများမှာ လွိုင်ကော်မြို့နယ် တီးလုံ၊ ပါလောင်း၊ ဒီးမော့ဆိုမြို့နယ်တွင် ဒေါဖု၊ ဒေါမကြီး၊ ထီးဖိုးကလို၊ ဒေါရောက်ခူ၊ ရှားတောမြို့နယ် မြောက်ပိုင်း ကျေးရွာများ၊ မဲစယ်မြို့နယ်တွင် ဟိုဂျစ်၊ ဘော်လခဲမြို့နယ်တွင် ဘူးခူ၊ စောလုံ အုပ်စုတို့ဖြစ်ကြသည်။

မြို့ပေါ်နှင့် အနီးအနားတွင်သာ မဲရုံရှိခဲ့သည့်မြို့နယ်များမှာ ဖားဆောင်းမြို့နယ်နှင့် ဖရူဆိုမြို့နယ်ဖြစ်သည်။

ဖားဆောင်းတွင် အမဲနယ်မြေအဖြစ် သတ်မှတ်သည့် အုပ်စုများမှာ ဝမ်အောင်း၊ ကွာခီး၊ ကော်သူဒိုး၊ မိုဆာခီး၊ ဘဟန်းလော့၊ ကရယ်ခီး နှင့် ဖရူဆိုမြို့နယ်တွင် ကေကော၊ သိုသီးဖို၊ သော်ခူ၊ ရော်ဒေါ်ခေါ၊ ဒိုမိုစော၊ ဟိုယာ၊ ဒိုးပရယ်၊ ဒိုးလာစော၊ ကေးလျား၊ ရာဧပရား၊ မြို့မ တို့ပင်ဖြစ်ကြသည်။

No comments: