Saturday, February 28, 2015

လောက်ကိုင် တိုက်ပွဲကြောင့် မူဆယ်-မန္တလေး အဝေးပြေး ကုန်ကားများ ပြေးဆွဲချိန် ပြောင်းလဲ

နိုင်နိုင်ဇော်

လောက်ကိုင် တိုက်ပွဲကြောင့် မူဆယ်-မန္တလေး အဝေးပြေး ကုန်တင်ကားများ ပြေးဆွဲချိန် ပြောင်းလဲနေရကြောင်း ဒေသ အခြေစိုက် လုပ်ငန်းရှင်များနှင့် ကုန်ကား လုပ်ငန်းရှင်များက ပြောဆိုသည်။

ဒေသအခြေစိုက် လက်နက်ကိုင် အဖွဲ့များက ခရီးသွားပြည်သူများနှင့် ကုန်ကားများကို ပစ်ခတ်မှုများ၊ ခေတ္တ ခေါ်ဆောင်မှုများကြောင့် ကားသမားနှင့် လုပ်ငန်းရှင်များ စိုးရိမ်မှုများသည် ညပိုင်ကားပြေးဆွဲမှုကို ရှောင် လာကြသည်ဟု မူဆယ်-မန္တလေး အဝေးပြေး ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးဝင်းအောင်ခန့်က ပြောသည်။

''အရင်လတွေကတည်းက အဲဒီလမ်းပိုင်းမှာ ကြိုကြားပစ်ခတ်မှုဖြစ်စဉ်လေးတွေ ရှိဖူးပေမယ့် အခုလိုတော့ မစိုးရိမ်ရဘူး။ မနေ့ကပဲ ကြူကုတ်-ပန်ဆိုင်းဘက်မှာ ဖရဲသီးကားကို လက်ပစ်ဗုံးထည့်တာ၊ ချိန်ကိုက် မိုင်း တပ်ပေးတာတွေအထိ ရှိလာတော့ ကားသမားတွေက ညဘက်မမောင်းတော့ဘဲ နေ့ဘက်တွေမှာပဲ သွား ကြတော့တယ်''ဟု ၄င်းက ပြောသည်။

ယခင် မန္တလေး-မူဆယ်ပြေးဆွဲမှုတွင် ညနေ ၃ နာရီဝန်းကျင်တွင် ကားဂိတ်များမှ ထွက်ခွာပြီး တစ်ညလုံး မောင်းလေ့ရှိသော်လည်း ယခုရက်ပိုင်း ည ၁ဝ နာရီကျော်တွင် ရောက်ရာအရပ်၌ ကားရပ်နားပြီး နံနက် အချိန်မှသာ မူဆယ် ၁ဝ၅ မိုင်သို့ ဆက်လက်ထွက်ခွာသည်ဟုလည်း အဝေးပြေးဝန် ဆောင်မှုလုပ်ငန်းရှင် အသင်းက ပြောသည်။

ထိုဖြစ်စဉ်များကြောင့် အဆိုပါ မန္တလေး-မူဆယ် ကုန်ကားသွားလာမှုများ ယခင်က ထက်နည်းပါးလာပြီး အဝေးပြေးကုန်ကား လုပ်ငန်းအချို့ ခရီးစဉ်ဖျက်သိမ်းမှုများအထိ ရှိလာနေသည်ဟုလည်း ဒေသအခြေစိုက် လုပ်ငန်းရှင်များက ပြောသည်။

လက်နက်ကိုင်အဖွဲ့များက ပြည်သူများကို ထိခိုက်စေမည့်လုပ်ရပ်များ ဆက်လက်လုပ်ဆောင်ပါက တရုတ်နှစ်သစ်ကူး ပြီးသည့်အချိန် ကုန်စည်စီးဆင်းမှုအပေါ် ထိခိုက်မှုများရှိလာနိုင်ကြောင်း ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန် တာဝန်ရှိသူတစ်ဦးက ဆိုသည်။

လောက်ကိုင်အနီး တိုက်ပွဲများဖြစ်ပေါ်နေခြင်းကြောင့် အဆိုပါနယ်မြေများသို့ ဖြတ်သန်းသွားလာနေသည့် အဝေးပြေးကုန်တင်ကားများကို သတိပေးမှုများ ဆောင်ရွက်နေရကြောင်း မြန်မာနိုင်ငံ အဝေးပြေးကုန်စည်နှင့် ဝန်ဆောင်မှု လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးလှဦးက ပြောသည်။

No comments: