Saturday, February 28, 2015

အရက်မူးကာ နွားစာလှောင်တဲ မီးရှို့ရာက နေအိမ် ၁၁ လုံးလောင်ကျွမ်း

ရေခဲ (ပြည်)

ပဲခူးတိုင်း ပြည်ခရိုင် ပန်းတောင်းမြို့တွင် အရက်သေစာ သောက်စားထားသူ တစ်ဦးက မီးရှို့မှုကြောင့် ဖေဖော်ဝါရီ ၁၄ ရက် ညပိုင်းက နေအိမ် (၁၁) လုံး မီးလောင်ကျွမ်းခဲ့ကြောင်း ပြည်ခရိုင် မီးသတ်ဦးစီးမှူး ဦးဝင်းညွှန့်က မဇ္ဈိမကို ပြောသည်။

ထိုနေ့ည ၆ နာရီ အချိန်က ပန်းတောင်းမြို့နယ် မကျီးထုံးကျေးရွာအုပ်စု ဆင်ကူးကျေးရွာနေ ကိုဖိုးထက် ဆိုသူက အရက်သေစာ သောက်စားမူးယစ်ပြီး ၎င်း၏ နေအိမ်နှင့် တွဲလျှက်ရှိသော နွားစာလှောင်တဲ သက်ကယ်မိုးအား ဂတ်စ်မီးခြစ်ဖြင့် မီးရှို့ရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မီးလောင်မှုကြောင့် သွပ်မိုး ပျဉ်ကာ ပျဉ်ခင်း နှစ်ထပ်အိမ် (၁)လုံး ၊ သွပ်မိုး ပျဉ်ကာ ပျဉ်ခင်း တစ်ထပ်အိမ် (၃)လုံး၊ ပျဉ်ကာပျဉ်ခင်း သက်ကယ်မိုး နေအိမ် (၂) လုံး၊ ထရံကာ သက်ကယ်မိုး ဝါးကြမ်းခင်း နေအိမ် (၅) လုံး စုစုပေါင်းနေအိမ် (၁၁) လုံး မီးလောင်ကျွမ်းခဲ့ရကြောင်း မီးသတ်ဦးစီးမှူး ဦးဝင်းညွှန့်က ပြောသည်။

မီးလောင်သည့် နေရာသို့ မီးသတ်ယာဉ် (၅) စီး၊ မီးသတ်တပ်ဖွဲ့ဝင် (၃၉) ဦး၊ တပ်မတော်သား (၁၈) ဦး၊ ပြည်သူ (၂၀၀) ခန့်က နာရီဝက်ကြာ မီးငြိမ်းသတ်ခဲ့ရသည်။ မီးလောင်မှုကြောင့် လူထိခိုက်ဒဏ်ရာရမှု မရှိသော်လည်း အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၂၀ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု ပြည်ခရိုင် မီးသတ်တပ်ဖွဲ့ မှတ်တမ်းတွင် ဖော်ပြထားသည်။

မီးလောင်မှုနှင့် ပတ်သတ်ပြီး ကိုဖိုးထက်အား ပန်းတောင်းမြို့ မရဲစခန်းတွင် ပြစ်မှုအမှတ် ပ-၁၉/၂၀၁၅ ၊ ဥပဒေပုဒ်မ -၄၃၆ ဖြင့် အမှုဖွင့် အရေးယူထားသည်။

No comments: