Friday, February 27, 2015

ရန်ကုန်တိုင်းအမတ် ဒေါက်တာ ညိုညိုသင်းကို အရေးယူပေးရန် တိုင်းလွှတ်တော် ဥက္ကဋ္ဌထံ တိုင်စာပို့

မင်းမင်း

တိုင်းလွှတ်တော်အမတ် ဒေါက်တာ ညိုညိုသင်းကို အရေးယူပေးရန် ရန်ကုန်မြို့သစ်စီမံကိန်း ဖော်ဆောင်ရန် ဦးဆောင်ဆန္ဒပြသည့် အဖွဲ့ဝင် ၂၄ဦးဖြင့် ဖွဲ့စည်းထားသော ဒေသဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက ရန်ကုန်တိုင်း လွှတ်တော် ဥက္ကဋ္ဌထံ တိုင်ကြားစာ ပေးပို့ထားကြောင်း ကာယကံရှင်များနှင့် လွှတ်တော်ဥက္ကဋ္ဌက မဇ္ဈိမကို အတည်ပြု ပြောသည်။

“ဆန္ဒပြတုန်းက ကျွန်တော်တို့ထဲက တစ်ယောက်က သူ့ကိုနာမည်ဖော်ပြီး ပြောတယ်လေ။ အဲ့ဒါကို သူကတရားရုံးမှာ တရားစွဲမယ် ဘာညာနဲ့ဆိုတော့ ဒါမပြောသင့်ဘူး။ အရေးယူပေးပါဆိုပြီးတော့ ကျွန်တော်လက်မှတ်ထိုးပြီး တိုင်စာကို လွှတ်တော်ဥက္ကဋ္ဌလက်ထဲ ထည့်ခဲ့တာပါ” ဟု ဒေသဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ရင်က ဆိုသည်။

ရန်ကုန်မြို့သစ်စီမံကိန်းအကောင်အထည်ဖော်ပေးရန် ဇန်နဝါရီ ၁၁ရက်က ဆန္ဒပြစဉ် ဆန္ဒပြခေါင်းဆောင်တစ်ဦး၏ ပုဂ္ဂိုလ်ရေး တိုက်ခိုက်ပြောဆိုခဲ့ခြင်းအား ဥပဒေအရ တရားစွဲဆိုသွားမည်ဟု ဒေါက်တာညိုညိုသင်းက မဇ္ဈိမအပါအဝင် မြန်မာပို့စ်ဂျာနယ်သို့ ပြောဆိုခဲ့မှုအပေါ် မကျေနပ်၍ တိုင်စာပေးပို့ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုင်စာအပေါ် ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းက “အတိုင်ခံရတဲ့သူကိုတော့ အသိပေးလိုက်တယ်” ဟု ဆိုကာ “ဘယ်လိုမှ ဆောင်ရွက်လို့မရဘူး။ လွှတ်တော်ကိုယ်စားလှယ်ကို တရားစွဲရင်တောင်မှ သူ့ကို လွှတ်တော်တက်ခွင့်ပြုလို့ရသေးတယ်” ဟု မဇ္ဈိမကို ပြောသည်။

တိုင်ကြားစာပါ အကြောင်းအရာများကို လွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းမှ ဒေါက်တာညိုညိုသင်းကို ဖတ်ပြခဲ့ပြီး မြို့သစ်စီမံကိန်းကို ကန့်ကွက်သည့် ဒေသခံများ၏ ပြောဆိုချက်များကို လက်ဖက်ရည်ဆိုင်တွင် သွားရောက်နားထောင်ခဲ့သည့်အတွက် လွှတ်တော်အမတ်တစ်ဦးအနေဖြင့် မသင့်လျော်သောကြောင့် အရေးယူပေးပါရန် တိုင်းကြားစာတွင် ပါရှိကြောင်း ဒေါက်တာညိုညိုသင်းက ဆိုသည်။

“သူတို့အထဲက တစ်ယောက်က ဆန္ဒပြပွဲကို အကြောင်းပြပြီး မိန်းကလေးတစ်ယောက်လည်းဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ကို အသရေဖျက်ပြောဆိုတာကို တရားစွဲဆိုမှာပါ။ တစ်ဖွဲ့လုံးကိုတော့ မဟုတ်ပါဘူး” ဟု ဒေါက်တာညိုညိုသင်းက ပြောသည်။

ရန်ကုန်မြို့သစ်စီမံကိန်းကို ပြန်လည် စိစစ်ရန် ရှိသည်ဟုဆိုကာ တိုင်းအစိုးရက ဆိုင်းငံ့လိုက်ခြင်းအပေါ် စီမံကိန်းအကောင်အထည်ဖော်ရန် ဒေသခံတစ်ထောင်ခန့်တောင်းဆိုသည့် ဇန်နဝါရီ ၁၁ရက်က ဆန္ဒပြပွဲတွင် ဦးဆောင်သူများက ဒေါက်တာညိုညိုသင်းကြောင့် စီမံကိန်း ပျက်ပြား သွားရသည်ဟုဆိုကာ ပုဂ္ဂိုလ်ရေး ထိခိုက်ပြောဆိုခဲ့ခြင်းဖြစ်သည်။

မြို့သစ်စီမံကိန်းအကောင်အထည်ဖော်ရန် ဦးဆောင်ဆန္ဒပြ သူတစ်ဦးဖြစ်သည့် ကြည့်မြင်တိုင်မြို့နယ်၊ ဝါးရုံဆိပ်ကျေးရွာမှ ဦးမောင်ကြီးက “ဒေါက်တာဘွဲ့လည်း ရထားပါတယ်။ စာလည်းတတ်ပါတယ်။ ဒါပေမယ့် သူအသိဥာဏ်နည်းနည်း နည်းနေတယ်လို့ ပြောချင်ပါတယ်။ တောသားတွေ ကိုတောလိုပဲနေစေချင်တဲ့မိန်း မတစ်ယောက်ကြောင့် ကျွန်တော်တို့ ဒုက္ခရောက်နေတယ်” ဟုပြော ဆိုခဲ့သည်။

ထို့ပြင် လွှတ်တော်အမတ် ဒေါက်တာညိုညိုသင်းကို ဂေါတမဘုရားလက်ထက်က မိန်းမယုတ်အဖြစ် လူသိများသည့် “စိဉ္ဖမာန” ဟုလည်း ၎င်းက သုံးနှုန်းခဲ့သေးသည်။

No comments: