Saturday, February 28, 2015

ဖားအံအကျဉ်းထောင်မှ ၈၈မျိုးဆက်ကရင်ကျောင်းသား ၄ဦး လွတ်မြောက်လာ

နန်းချောင်ဖော့

သိမ်းဆည်းခံလယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် ဦးဆောင်တောင်းဆိုဆန္ဒပြ၍ ပုဒ်မ ၁၈ဖြင့် တရားစွဲဆိုခံရပြီး ဖားအံအ ကျဉ်းထောင်တွင် အကျဉ်းကျခံခဲ့ရသည့် ၈၈မျိုးဆက်ကရင်ကျောင်းသားများ အစည်းအရုံးမှ အဖွဲ့ဝင် ၄ဦးမှာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ပြန်လည်လွတ်မြောက်လာခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၄ခုနှစ်၊ သြဂုတ် ၂၅ရက်နေ့က ဖားအံမြို့တွင် သိမ်းဆည်းခံလယ်မြေများ ပြန်လည်ရရှိရေးအတွက် ဦးဆောင်၍ ဆန္ဒထုတ်ဖော်ခဲ့သူ ၈၈မျိုးဆက်ကရင်ကျောင်းသားများဖြစ်သည့် ဦးညီညီထွန်း၊ ဦးဝင်းဗိုလ်၊ ဦးဇော်ထိုက်နှင့် စောအယ်ကော်ခူး တို့သည် စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေ ပုဒ်မ ၁၈ ဖြင့် အောက်တိုဘာ၂၉ရက်နေ့က ထောင် ဒဏ် ၄လစီ ကျခံခဲ့ရခြင်းဖြစ်သည်။

ဦးညီညီထွန်းက “ကျနော်တို့ကို ပုဒ်မ ၁၈နဲ့ မြို့နယ် တရားသူကြီးက ပြစ်ဒဏ် လေးလ ဆိုတဲ့နေရာမှာ အလုပ်နဲ့ ပြစ်ဒဏ်ပါတယ်။ ပုဒ်မ ၁၈ တိုင်းကို ပြစ်ဒဏ် သုံးလသာ ချမှတ်တဲ့နေရာမှာ ကျနော်တို့ကို လေးလ ချတယ်။ လေးလချတဲ့ နေရာမှာ ကျနော်တို့ရဲ့ အကျဉ်းသားအခွင့်အရေးအပြည့် မရဘူး။ ဆိုလိုတာက ပြစ်မှု ပြစ်ဒဏ်ဟာ လျော့ရက်ရှိတယ်။ ကျနော်တို့ လျော့ရက် တစ်ရက်မှ မရဘူး။ ရက်ပေါင်း ၁၂၀တိတိ နေခဲ့ရတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ဖားအံအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည့် ၈၈မျိုးဆက်ကရင်ကျောင်းသား အစည်းအရုံး အဖွဲ့ဝင် ၄ဦးကို ဒေသခံလယ်သမားများက လူဦးရေ ၁၀၀ ခန့် သွားရောက်ကြိုဆိုခဲ့ကြောင်း သိရှိရသည်။

သွားရောက်ကြိုဆိုခဲ့သည့် ဖားအံမြို့နယ်၊ ကော့စကလိုရွာမှ နန်းချမ်းငယ်က “ကျမတို့ကို ကူညီပေးတဲ့ သူတို့တွေကို အားကိုးအား ထားရတယ်။ စာပေမတတ်တဲ့ ရွာသားတွေက သူတို့ကို အားကိုးတယ်။ ဒီလိုမျိုးလွတ်လာတဲ့အခါကျတော့ ကျမတို့အတွက် အား ရှိတယ်။ ဒါကြောင့် ဝမ်းမြောက်ဝမ်းသာနဲ့ လာကြိုဆိုကြတာ ဖြစ်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

သိမ်းဆည်းထားသည့် လယ်မြေများ ပြန်လည်ရရှိရန်အတွက် ဖားအံအခြေစိုက် ၈၈မျိုးဆက် ကရင်ကျောင်းသားအစည်းအရုံး သည် ၂၀၁၄ခုနှစ်၊ သြဂုတ် ၂၅ရက်နေ့က ကရင်ပြည်နယ်၊ ဖားအံမြို့၌ လယ်သမားများဦးရေ ၁၀၀ကျော်နှင့်အတူ ဆန္ဒထုတ်ဖော် တောင်းဆိုရာမှ ဦးဆောင်သူ လေးဦးကို သက်ဆိုရာအစိုးရအာဏာပိုင်များက ပုဒ်မ ၁၈ဖြင့် ဖမ်းဆီးအရေးယူခဲ့ခြင်းဖြစ်သည်။

No comments: