Friday, February 27, 2015

ပုသိမ် တက္ကသိုလ်များမှ ကျောင်းသားသမဂ္ဂများ တရားဝင်ဖွဲ့စည်း

စည်သူမောင်မောင်

ကျောင်းသား သမဂ္ဂ ပုသိမ် တက္ကသိုလ်၊ ကျောင်းသား သမဂ္ဂ (ပုသိမ် နည်းပညာ တက္ကသိုလ်) တို့ကို ဖေဖော်ဝါရီလ ၂၅ ရက်တွင် တရားဝင် ကျောင်းသား သမဂ္ဂများအဖြစ် ဖွဲ့စည်းလိုက်သည်။

ေ“ကျောင်းသား သမဂ္ဂတွေ ဒီနေ့ ဖွဲ့စည်းလိုက်တာပါ၊ ကျောင်းသားတွေ သမဂ္ဂ အဆောက်အအုံပေးဖို့ တောင်းဆိုတော့၊ အခုဒုတိယ ပါမောက္ခချုပ်က ယာယီအဆောက်အအုံတော့ ပေးထားတယ်၊ နောက်ပိုင်းမှာတော့ နေရာပေးပါမယ်လို့ ပြောခဲ့တယ်” ဟု ဧရာဝတီသပိတ်စစ်ကြောင်းမှ ဆရာဝေယံအောင်က သမဂ္ဂဖွဲ့စည်းမှုကို မဇ္ဈိမသို့ ပြောသည်။

ပုသိမ်တက္ကသိုလ် ကျောင်းသားသမဂ္ဂအား ဗဟိုအလုပ်မှုဆောင် ၁၆ဦးဖြင့် ဖွဲ့စည်းထားပြီး နည်းပညာ ကျောင်းသား သမဂ္ဂအား ဗဟိုအလုပ်မှုဆောင် ၂၂ ဦးဖြင့် ဖွဲ့စည်းထားသည်။

“အခု ဖွဲ့လိုက်တဲ့ သမဂ္ဂတွေကျောင်းသားတွေ အင်းအားတိုးဖို့ လုပ်ဆောင်သွားမှာပါ၊ ကျောင်းသားအားလုံး ပါဝင်မယ့် ကျောင်းသား ညီလာခံလည်း လုပ်နိုင်အောင် လုပ်ဆောင်သွားမှာပါ၊ အခက်အခဲတော့မရှိပါဘူး” ဟု ဧရာဝတီသပိတ်စစ်ကြောင်းမှ ကိုအောင်ခန့်ဇော်က မဇ္ဈိမကို ပြောသည်။

အထက်တန်းကျောင်းသား သမဂ္ဂကိုလည်း ဖွဲ့စည်းရန်ရှိပြီး ယခု ပညာသင်နှစ်တွင်မူ ကျောင်းသားများ စာမေးပွဲ ဖြေနေပြီဖြစ်၍ ဖွဲ့စည်းဦးမည် မဟုတ်ဘဲ နောက် ပညာသင်နှစ်တွင် စတင်ဖွဲ့စည်းမည် ဖြစ်ကာ ကွန်ပျူတာ တက္ကသိုလ်သမဂ္ဂကိုလည်း ရက်ပိုင်းအတွင်း ဖွဲ့စည်းသွားမည်ဟု ဆိုသည်။

ဧရာဝတီ သပိတ်စစ်ကြောင်း သပိတ်နားနေစဉ် ပုသိမ်၊ မအူပင် တက္ကသိုလ်များတွင် ကျောင်းသားသမဂ္ဂများ ဖွဲ့စည်းပြီး သပိတ်စောင့်ကြည့်ရေး စခန်းများလည်း ဖွင့်လှစ်ထားသည်။

No comments: