Friday, February 27, 2015

လာဘ်ပေးလာဘ်ယူ တရားစီရင်မှု နှင့် အကျင့်ပျက် ဝန်ထမ်းများကို အရေးယူပေးရန် မြောင်းမြတရားရုံးကို ဆန္ဒပြ

စည်သူမောင်မောင်

လာဘ်ပေးလာဘ်ယူပြု တရားစီရင်မှုများ နှင့် အကျင့်ပျက်ဝန်ထမ်းများအား အရေးယူပေးရန် မြောင်းမြမြို့နယ်၊ ခရိုင်တရားရုံးများကို မြောင်းမြပြည်သူ ၂၀ ကျော်က ပထမအကြိမ်အဖြစ် ဖေဖော်ဝါရီ ၂၅ ရက်က ဆန္ဒပြခဲ့သည်။

“တရားခွင်မတက်ဘဲ စာရေးတွေနဲ့ လွှတ်ထားတာ အများကြီးပါ လာကြည့်ရင်သိမှာပါ၊ တရားရုံးကို လာပြီးဆန္ဒပြခြင်းဟာ အပြုသဘောနဲ့ ပြခြင်းဖြစ်ပါတယ်၊ မြောင်းမြမြို့နယ် တရားရုံးနဲ့ ခရိုင်တရားရုံးကို ပြည်သူလူထုက အယုံအကြည်ကင်းမဲ့နေပါတယ်”ဟု တရားရုံးအား ဆန္ဒဖော်ထုတ်သူ ဦးစစ်အောင်က တရားရုံးရှေ့တွင် ပြောသည်။

ဆန္ဒပြပွဲတွင် "တရားမဲ့ ဥပဒေမဲ့ ငွေတောင်းယူနေသူတွေ၊ လာဘ်ပေး လာဘ်ယူ တရားစီရင်သူ၊ ဥပဒေအားမကိုး လာဘ်ထိုး အမှုလိုက်ရှေ့နေ၊ ဥပဒေလက်တစ်လုံးခြား ဥပဒေအရာရှိများ၊ အရေးယူပေး" စသဖြင့် ကြွေးကြော်ကာ မြောင်းမြမြို့တွင်း လှည့်လည်ဆန္ဒပြပြီး တရားရုံးရှေ့တွင် ဟောပြောကာ အဆုံးသတ်ခဲ့သည်။

“ကျွန်တော်တို့ ရှေ့နေတွေက သူတို့ ပြောသလိုမဟုတ်ဘူး၊ အခု ရှေ့နေတွေနဲ့ ပတ်သက်ပြီး ပြောဆိုမှုနဲ့ ပတ်သက်ပြီးတော့ ဥပဒေအရ ဆက်လက် လုပ်ဆောင်သွားမှာပါ၊ သူတို့ ပြောသလို လုပ်ရင် ရှေ့ နေချုပ်ရုံးကို တိုင်ကြားလို့ရပါတယ်”ဟု မြောင်းမြမြို့နယ် ရှေနေ့ အသင်းမှ အတွင်းရေးမှူး ဦးမြင့်ဝေက ပြောသည်။

မြောင်းမြခရိုင်တရားသူကြီး ဒေါ်နော်အက်ဂနက်စ်ကလည်း “ကျွန်မတို့ ခွင် (တရားခွင်) တက်ပြီး တရားစီရင် ရပါတယ်၊ သူတို့ပြောသလို ခွင်မတက်ဘဲ တရားစီရင်တဲ့ တရားသူကြီးရှိရင် တိုင်ကြားလိုရပါတယ်။ အဆင့်ဆင့် တရားရုံးတွေ ကျွန်မတို့ ညွန်ကြားလွှာတွေ ထုတ်ထားပါတယ်” ဟု မီဒီယာများကို ပြောခဲ့သည်။

No comments: