Friday, February 27, 2015

ရွှေတောင်မြို့တွင် လူနာတင်ကားက သစ်ပင်ကို ဝင်တိုက်ကာ အတွင်းမှ လူနာသေဆုံးမှု ယာဉ်တိုက်မှုနှင့် မဆိုင်ဟုဆို

ရေခဲ (ပြည်)

ပဲခူးတိုင်း၊ ပြည်ခရိုင် ရွှေတောင်မြို့ ပြည်တောင်တန်းရေနံမြေအနီးတွင် ပြည်မြို့ရှိ မိုးမေတ္တာ လူမှုအဖွဲ့မှ လူနာတင်ယာဉ်သည် သစ်ပင်တစ်ပင်အား ဝင်တိုက်ခဲ့ပြီး ကားအတွင်းမှ လူနာသေဆုံးခဲ့သည်။ ယင်းသေဆုံးမှုသည် သစ်ပင်သို့ ကားဖြင့် ဝင်တိုက်ခြင်းကြောင့် မဟုတ်ဟု မိုးမေတ္တာ လူမှုအသင်း အတွင်းရေးမှူး ဦးညီညီအောင်က ပြောသည်။

“နဂိုလူကြီးရောဂါလည်းရှိတယ်။ ခြေထောက်ကျိုးတဲ့ ဒဏ်လည်းရှိတယ်။ ယာဉ်ကြောင့်မဟုတ်ဘဲ လူကြီးရောဂါနဲ့ သေတယ်ဆိုတာ ကာယကံရှင်ကိုယ်တိုင် သိတယ်” ဟု ဦးညီညီအောင်က ပြောသည်။

ဖေဖော်ဝါရီလ ၂၄ ရက်က ပြည်မြို့ ရွှေကူရပ်ကွက် လမ်းမတော်လမ်းနေ အသက်(၉၁)နှစ်အရွယ် ဦးငယ်လေးဆိုသူသည် တင်ပါးဆုံရိုး ကျိုးသွား၍ လူနာတင်ယာဉ် ငှားကာ ရန်ကုန်သို့ သွားရောက် ဆေးကုသခြင်းဖြစ်သည်။

လူနာတင်ယာဉ်မှာ ပြည်-ရန်ကုန်လမ်းအတိုင်း မောင်နှင်ခဲ့ပြီး ပြည်တောင်တန်း ရေနံမြေအနီး ယာဉ်တိုက်မှုဖြစ်ကာ လူနာ ဦးငယ်လေးမှာ ဒဏ်ရာ တစ်စုံတစ်ရာ မရဘဲ သားဖြစ်သူနှင့် ယာဉ်မောင်းတို့ ဒဏ်ရာများ ရရှိခဲ့သည်။ လူနာများကို ရန်ကုန်သို့ အခြားလူနာတင်ယာဉ်ဖြင့် ဆက်လက်ပို့ဆောင်ပေးပြီး ဦးငယ်လေး၏ လူကြီးရောဂါမှာ အခြေအနေ ဆိုးဝါးလာ၍ ပြည်မြို့သို့ ပြန်လည်ခေါ်ဆောင်ခဲ့ရာ ပြည်အရောက်တွင် ဆုံးပါးခဲ့ခြင်းဖြစ်သည်ဟု ဦးညီညီအောင်က ရှင်းပြသည်။

ထိုဖြစ်ရပ်နှင့် ပတ်သက်၍ လူမှုကွန်ယက်တွင် ယာဉ်တိုက်မှုကြောင့် ဦးငယ်လေးသေဆုံးသည်ဟုလည်း ပျံ့နှံ့နေခဲ့သည်ဟု ဆိုသည်။

ရွှေတောင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းထွန်းက“တိုင်ချက်ထဲမှာ ယာဉ်တိုက်မှုကြောင့် လူနာဒဏ်ရာရတဲ့အကြောင်းမပါဘူး” ဟု ပြောသည်။

မိုးမေတ္တာလူမှုအသင်း ဥက္ကဋ္ဌ ဦးစိုးမိုးနိုင်၏ တိုင်ကြားချက်အရ လူနာတင်ယာဉ်မောင်းအား ရွှေတောင်မြို့မ ရဲစခန်းတွင် ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားသည်။

No comments: