Saturday, February 28, 2015

လေးလကျော်ကြာသည်အထိ လားရှိုးမြို့မဈေးတွင်း ရွှေဆိုင်ဓားပြတိုက်ခံရမှု ကျူးလွန်သူကိုမမိသေး

ကျော်စိုးမိုး

ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ လားရှိုးမြို့မဈေးအတွင်း ဖွင့်လှစ်ထားသည့် ဝေဟင်ရွှေဆိုင်တွင် ပြီးခဲ့သည့် ၂၀၁၄၊ စက်တင်ဘာအတွင်းက ဖြစ်ပွားခဲ့သည့် ဓားပြတိုက်ခံရမှု၏ ကျူးလွန်သူကို ဖမ်းဆီးရမိခြင်းမရှိသေးဟု လားရှိုးမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဖေဖော်ဝါရီ ၁၂ ရက်တွင် မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။

အမှုဖြစ်စဉ်မှာ ပြီးခဲ့သည့် စက်တင်ဘာ ၂၄ ရက်၊ မွန်းလွဲ ၂ နာရီခွဲခန့်က လားရှိုးမြို့မဈေးကြီး၊ ချယ်ရီဆောင်တွင် ဖွင့်လှစ်ထားသည့် ဝေဟင်ရွှေဆိုင်အတွင်းသို့ မျက်နှာဖုံးစွပ်ပြီး၊ ဂျာကင်ဝတ်ထားသည့် လူတစ်ဦးဝင် ရောက်လာကာ ဂျာကင်အတွင်းမှ သေနတ်နှင့်ချိန်ပြီး ရွှေထည်ပစ္စည်းများ ထုတ်ပေးရန် ဓားပြတိုက်ခဲ့ခြင်းဖြစ်သည်။ ယင်းသို့ဓားပြတိုက်ခံရသဖြင့် ဝေဟင်ရွှေဆိုင်မှ ရွှေထည်ပစ္စည်းစုစုပေါင်း တန်ဖိုးသိန်း ၁၀၀ ခန့်ပါရှိသွားခဲ့သည်။

လားရှိုးမြို့မရဲစခန်းမှ ယာယီစခန်းမှူး ရဲအုပ် ဇော်ဝင်းနိုင်က "ကျူးလွန်သူကို ဖမ်းမမိသေးပါဘူး၊ ဖမ်းမိဖို့အတွက် ဆက်လက်ခြေရာခံ စုံစမ်းစစ်ဆေးနေတုန်းပါပဲ" ဟုပြောသည်။

အဆိုပါ ဝေဟင်ရွှေဆိုင် ဓားပြတိုက်ခံရမှုအတွက် အသက် ၄၀ ခန့်အရွယ်ရှိ အမျိုးသားတစ်ဦးကို အောက်တိုဘာလလယ် ပိုင်းက ခေါ်ယူစစ်ဆေးခဲ့ပြီး ပြစ်မှုကျူးလွန်ခဲ့ခြင်း မရှိသဖြင့် နိုဝင်ဘာလဆန်းပိုင်းက ပြန်လည်စေလွှတ်ပေးခဲ့သည်ဟု ယခင် လားရှိုးမြို့မရဲစခန်း၏ စခန်းမှူးက ဒီဇင်ဘာလအတွင်း မဇ္ဈိမကို ပြောကြားထားဖူးသည်။ အဆိုပါဖြစ်စဉ်ကို လားရှိုးမြို့မရဲစခန်းက (ပ) ၃၀၂/၁၄၊ ပြစ်မှုပုဒ်မ ၃၈၆ ဖြင့် ၂၀၁၄၊ စက်တင်ဘာ ၂၄ ရက်က အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိခြင်းဖြစ်သည်။

No comments: