Friday, February 27, 2015

ရခိုင် အမျိုးသားပါတီမှ မြို့နယ်ကော်မတီဝင်အချို့ နုတ်ထွက်

ကေဇူး

ရခိုင်ပါတီ နှစ်ခုကို တစ်ခုတည်းအဖြစ် ပေါင်းစည်းလိုက်သော ရခိုင်အမျိုးသားပါတီ (ANP) ပါတီမှ မြို့နယ်ကော်မတီ အဖွဲ့ဝင် ငါးဦးမှာ ရက်ပိုင်းအတွင်းက နုတ်ထွက်သွားသည်ဟု စစ်တွေမြို့နယ် ပါတီ အဖွဲ့ချုပ်ရုံးမှ ပါတီ ဒု-ဥက္ကဋ္ဌ ဒေါ်အေးနုစိန်က မဇ္ဈိမကို ပြောသည်။

စစ်တွေမြို့နယ် ကော်မတီအဖွဲ့ဝင် ငါးဦးနှင့် ပေါက်တောမြို့နယ် ကော်မတီအဖွဲ့ဝင် သုံးဦး၊ မြောက်ဦးမြို့နယ်မှ တစ်ဦး နုတ်ထွက်လိုက်ခြင်း ဖြစ်သည်။ ပါတီအတွင်းတွင် မပြေလည်မှုများ ရှိနေသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ယင်းသို့ မဟုတ်ဟု ဒေါ်အေးနုစိန်က ငြင်းဆိုလိုက်သည်။

"ပါတီတွင်းမှာ မကျေမလည်တာတွေ ဖြစ်နေတယ်ဆိုတာ လုံးဝမဟုတ်ပါဘူး၊ "ဟု ဒေါ်အေးနုစိန်က ပြောသည်။

ရခိုင်အမျိုးသားပါတီကို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)နှင့် ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ (RNDP) တို့ ပူးပေါင်းခဲ့ခြင်းဖြစ်သည်။

နုတ်ထွက်သွားသော မြို့နယ်ကော်မတီအဖွဲ့များမှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ အဖွဲ့ဝင်များဖြစ်သည်ဟု ပေါက်တောမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသက်ထွန်းအောင်ကဆိုသည်။

ဦးသက်ထွန်းအောင်က"ပါတီအသစ်တစ်ခု ထောင်မယ်လို့ကြားပါတယ်"ဟု မဇ္ဈိမကို ပြောသည်။

ရခိုင်အမျိုးသားပါတီအနေဖြင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ရခိုင်တစ်ပြည်နယ်လုံး အနိုင်ရရှိရန် ပြင်ဆင်ထားပြီးဖြစ်သည်ဟု ပါတီ ဗဟိုကော်မတီအဖွဲ့ဝင် ယခင် ALD ပါတီ ဥက္ကဋ္ဌ ဖြစ်သူ ဦးအေးသာအောင်က ပြောသည်။

ဦးအေးသာအောင်က "ရခိုင် အမျိုးသား ပါတီရဲ့ ညီလာခံမှာတော့ မပြေလည်တာ တချို့ရှိခဲ့တယ်၊ ကြီးကြီးမားမားတော့ မဟုတ်ပါဘူး၊ ဒီလို ထွက်သွားခြင်းအားဖြင့် ပါတီသစ်ရဲ့စည်းလုံးရေးကို ထိခိုက်လာမလားဆိုတာ မပြောနိုင်သေးဘူး"ဟု ပြောသည်။

No comments: