Saturday, February 28, 2015

မဟာဗန္ဓုလ ပန်းခြံဘေးရှိ မိကျောင်းကန် သပိတ်စခန်း ဖြိုခွင်းဖယ်ရှားခံရ

စနေလင်း

ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံဘေးတွင် ဖွင့်လှစ်ထားသည့် မိကျောင်းကန် သပိတ်စခန်းကို ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းက အာဏာပိုင်များက ဖြိုခွင်းဖယ်ရှားခဲ့ပြီးနောက် သပိတ်စခန်း ဖွင့်လှစ်နေထိုင်ကြသူများကို အမှုဖွင့် အရေးယူ လိုက်ကြောင်း သိရ သည်။

ထို သပိတ်စခန်းဖွင့် နေထိုင်သူများကို စီတန်းလှည့်လည်ခြင်း ပုဒ်မ ၁၈ နှင့် စည်ပင်သာယာ ဥပဒေပုဒ်မ ၆၈ များဖြင့် အမှုဖွင့် စွဲဆို လိုက်ခြင်း ဖြစ်သည်။

ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၃ နာရီခန့်က လုံထိန်းများနှင့် စည်ပင်သာယာရေး ၀န်ထမ်းများ၊ စည်ပင် သာယာ ရဲတပ်ဖွဲ့ဝင်များ က ၀င်ရောက် ရှင်းလင်းခဲ့ပြီး သပိတ်စခန်း အတွင်းရှိ အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၇ ဦးတို့ကို အထက်ပါ အမှုများဖြင့် တရားစွဲ၍ လာ မည့် မတ်လ ၁၁ ရက်၌ ရုံးချိန်းလိုက်သည်ဟု ဆိုသည်။

“သူတို့တွေကို ရုံးချိန်း ချိန်းပြီးတော့ ခံဝန်ကတိနဲ့ ပြန်လွှတ်လိုက်တယ်။ အမှုကိုတော့ ဆက်ရင်ဆိုင်ကြရဦးမှာပေါ့။ ဖမ်းဆီး ချုပ်နှောင် ထားတာမျိုးတော့ မလုပ်တော့ဘူး။ ပုဒ်မ ၁၈ ရော၊ စည်ပင်ဥပဒေ ပုဒ်မ ၆၈ ရော အားလုံးကို ခံဝန်နဲ့ပဲ ပြီးသွားတယ်”ဟု မိကျောင်း ကန်သပိတ် သမားများဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

သပိတ်စခန်းကို ၀င်ရောက်ရှင်းလင်းစဉ်က သပိတ်စခန်း အတွင်းရှိ အိပ်နေသူ ၁၈ ဦးကို ခေါ်ဆောင်သွားသော်လည်း သပိတ် စခန်း နှင့် မသက်ဆိုင်သည့် လမ်းဘေးဈေးသည် ၄ ဦး ပါဝင်နေသည့်အတွက် ၎င်းတို့ကို ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရသည်။

“ကျမတို့ကို မနက်အစောကြီးရှောင်တခင် လာဖမ်းသွားတာ။ ဖမ်းတော့လည်း ကျမတို့ကို ဆံပင်တွေဆွဲ၊ တုတ်တွေနဲ့ရိုက်ပြီး ဖမ်းခေါ်သွားတာ။ ကျမတို့မှာတချို့ဆို လက်တွေပွန်း၊ နဖူးတွေ ပေါက်ကုန်တယ်။ ကျမတို့ကို ရန်ကင်းက ရုံးကိုခေါ်သွားပြီးတော့ အပြင် ဘက် က ဘယ်သူနဲ့မှလည်း တွေ့ခွင့်မပေးဘူး”ဟု မိကျောင်းကန် သပိတ်ကိစ္စနှင့် တရားစွဲဆိုခြင်း ခံနေရသည့် ဒေါ်စိန်ခင်က ပြော သည်။

ယခုနောက်ဆုံး ဖြိုခွင်းလိုက်သော မဟာဗန္ဓုလ ပန်းခြံလမ်း အတွင်းမှ သပိတ်စခန်းသည် လက်ရှိအစိုးရ လက်ထက်တွင် ရက်အရှည်ကြာဆုံး သပိတ်စခန်း ဖြစ်ပြီး သပိတ်မှောက်ခဲ့သည့် ရက်ပေါင်း ၃၄၀ ရောက်ပြီးမှ ဖြိုခွင်းခံလိုက်ရခြင်း ဖြစ်သည်။

အလားတူ ရန်ကုန်မြို့တော် ခန်းမရှေ့တွင် သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် မြေသိမ်းခံရမှုနှင့် ပတ်သက်ပြီး ဦးဆောင်ဆန္ဒပြခဲ့ သူ ဒေါ်ခင်မာကြူ အပါအ၀င် ၁၄ ဦးကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရက တရားစွဲဆို၍ ကျောက်တံတားမြို့နယ် တရားရုံးတွင် ရုံးတင် စစ်ဆေးခဲ့ပြီးနောက် တရားမ၀င် စီတန်း လှည့်လည်မှု ဥပဒေ ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ် ၁ လ၊ စည်ပင်သာယာ ဥပဒေ ပုဒ်မ ၁၄၃ ဖြင့် ထောင်ဒဏ် ၃ လနှင့် စည်ပင် ဥပဒေ ပုဒ်မ ၃၄၁ ဖြင့် ထောင်ဒဏ် ၁ လ စုစုပေါင်း ထောင်ဒဏ် ၆ လ ကို ဖေဖော်ဝါရီ ၁၈ ရက်က ပြစ်ဒဏ် ချမှတ်ခဲ့သေးသည်။

ကာကွယ်ရေးဝန်ကြီးဌာနက ၁၉၉၁ ခုနှစ်က သိမ်းဆည်းခဲ့သည့် သင်္ဃန်းကျွန်းမြို့နယ်ရှိ မိကျောင်းကန် (၁) ရပ်ကွက်၊ (၂) ရပ်ကွက်နှင့် (၃)ရပ်ကွက်ရှိ မြေနေရာများကို တပ်ပိုင်မြေအဖြစ် သိမ်းဆည်းခဲ့ကြောင်း၊ အဆိုပါ မြေနေရာများသည် ဂရန်ပေါက်မြေများ မဟုတ်သည့်အတွက် ယင်းနေရာတွင် နေထိုင်ခဲ့သူများအားလုံးကို တပတ်အတွင်း အပြီးသတ် ပြောင်းရွှေ့ခိုင်းခဲ့ကြောင်း၊ ငွေကြေး တတ်နိုင်သူများကို မြေကွက် တကွက်လျှင် ၄၈၀၀ ကျပ်(၁၉၉၃ ခုနှစ် ငွေကြေးပေါက်ဈေး) ဖြင့် ဒဂုံမြို့သစ်မြို့နယ်များတွင် ပြန် လည် ရောင်းချပေးခဲ့ ကြောင်း၊ ငွေကြေး မတတ်နိုင်သူများကို ပဲခူးရိုးမ အစပ်ရှိ မြေနေရာများနှင့် လှိုင်သာယာမြို့နယ်ရှိ မြေနေရာများ တွင် နေရာချပေးခဲ့ကြောင်း သိရသည်။

No comments: