Friday, February 27, 2015

မြောက်ဦးနယ်တွင် ကျွဲ၊ နွား ၁၁ ကောင် တညဉ့်တည်းတွင် အခိုးခံရ

မာန်ယုကျော် (ရွှေဝမြေ)

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် ကျွဲ၊ နွားအကောင် ၁ဝ ကျော် အခိုးခံရမှု ယခုလ ၁၄ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

မြောက်ဦးမြို့နယ်၊ ဆင်ခံကျေးရွာတွင် ဒေသခံ ၄ ဦး၏ ကျွဲနှင့် နွားကောင်ရေပေါင်း ၁၁ ကောင်တိတိ ယင်းနေ့ ညက တပြိုင်တည်း အခိုးခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“ကျွဲ ၅ ကောင်နဲ့ နွား ၆ ကောင် အဲဒီနေ့ညက တပြိုင်တည်းအခိုးခံခဲ့ရတာပါ”ဟု ဒေသခံ ဦးကျော်သိန်းက နိရဉ္စရာသို့ ပြောသည်။

ပျောက်ဆုံးသွားသည့်ကျွဲနွားများအနက် ဦးထွန်းခိုင်တွင် ကျွဲ ၅ ကောင်၊ ဦးသာထွန်းဦးတွင် နွား ၁ ကောင်၊ ဒေါ်ခိုင်စောညွန့်တွင် နွား ၃ ကောင်နှင့် ဦးသိန်းထွန်းတွင် နွား ၂ ကောင်တို့ပါဝင်ကြောင်း ဒေသခံများက ဆိုသည်။

အဆိုပါပျောက်ဆုံးမှုနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့ထံ အမှုဖွင့်တိုင်ကြားထားသော်လည်း ဖေဖော်ဝါရီလ ၂ဝ ရက်နေ့ အထိ မည်သည့်သတင်းအချက်အလက်မျှမရရှိသေးကြောင်း ရွာသားများက ဆိုသည်။

“ခိုးသွားတဲ့သူတွေကိုလည်း ဖမ်းမမိသေးဘူး။ ရဲတွေက ပျောက်သွားတဲ့ကျွဲ၊ နွားတွေကို အပူတပြင်း လိုက်ရှာနေ ပေမယ့်လည်း ပြန်ရဖို့တော့ မလွယ်တော့ဘူး” ဟု ဒေသခံ ဦးကျော်သိန်းက ဆိုသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး မြောက်ဦးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးမြင့်သောင်းကို နိရဉ္စရာက ဆက်သွယ်မေးမြန်း ရာ သူက “ဒီအမှုကို စုံစမ်းဖော် ထုတ်နေဆဲပါ။ သံသယရှိသူ နှစ်ယောက်ကို ခေါ်ယူစစ်ဆေးပေမယ့် အမှုက မပေါ် သေးဘူးဗျ”ဟု ဖေဖော်ဝါရီလ ၂ဝ ရက်နေ့၊ နံနက်ပိုင်းက ပြောသည်။

မြောက်ဦးမြို့နယ်တွင် လွန်ခဲ့သောနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့ကလည်း တင်းထိန်ရံကျေးရွာတွင် ကျွဲ ငါးကောင်၊ ဒီဇင်ဘာလ ၂ ရက်နေ့က နတ်ချောင်းကျေးရွာမှ ကျွဲကိုးကောင် အခိုးခံခဲ့ရသော်လည်း မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှ တစ်စုံတစ်ရာ ဖော်ထုတ် အရေးယူနိုင်ခြင်း မရှိသဖြင့် ကျွဲနွားခိုးသူများ ပိုမို အတင့်ရဲလာကာ ကျေးရွာများမှ ကျွဲနွားများကို ခိုးယူပြီး တစ်ဘက်နိုင်ငံကို စက်လှေများဖြင့် ရေလမ်းကြောင်းကို အသုံးပြုကာ တင်ပို့လျက်ရှိနေကြောင်း သတင်း ရရှိသည်။

No comments: