Thursday, March 25, 2010

ဝ ဒေသ စစ်ရေး စိုးရိမ်မှုဖြစ်

သန်းထိုက်ဦး Thursday, March 25, 2010

ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ဌာနချုပ် ပန်ဆန်းတွင် စီးပွားရေး လုပ်ငန်း ရှင်တချို့နှင့် ကြေးရတတ် တချို့က စစ်ဖြစ်မည်ကို စိုးရိမ်သဖြင့် ဒေသကနေ ထွက်ခွာ နေကြောင်း သိရသည်။

ယခု တပတ်အတွင်း UWSA ဒေသများတွင် ရှိသော ၀န်ထမ်းများကို စစ်အစိုးရ အာဏာပိုင်များက နေရပ်သို့ ပြန်ရန် တိုက်တွန်း ထားသည့် အတွက် စစ်ဖြစ်မည်ဟု ထင်မြင်ချက်များ ရှိနေသောကြောင့် ယင်းသို့ ထွက်ခွာနေ ကြခြင်း ဖြစ်သည်ဟု တရုတ် မြန်မာ နယ်စပ် သတင်း ရပ်ကွက်များက ပြောသည်။

တချို့စီးပွားရေး လုပ်ငန်းရှင်များသည် ၀တိုင်းရင်းသားများဖြစ်ပြီး လုံခြုံရေးအတွက် စိုးရိမ်ရသဖြင့် နေရပ်သို့ ပြန်နေကြသည်ဟု ဆိုသည်။

နေပြည်တော်ရှိ အမည်မဖော်လိုသူ ၀န်ထမ်းတဦးက“ဘာအတွက် ပြန်ခေါ်တယ်ဆိုတာ မသိဘူး၊ ပြန်လာတဲ့ လူတွေရဲ့စာရင်းတွေ ကို လုပ်နေရတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ယင်း ၀န်ထမ်းများကို နေရပ်ပြန်ခိုင်းခြင်းနှင့် ပတ်သက်ပြီး မသိရှိရသော်လည်း UWSA တပ်ဖွဲ့များကို စစ်အစိုးရက စစ်ရေးအရ ခြိမ်း ခြောက်နေခြင်းသာဖြစ်သည်ဟု တရုတ်နယ်စပ်မှ စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက ပြောသည်။

UWSA နှင့် မိုင်းလား ဒေသများတွင် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်(WFP) အပါအ၀င် ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO ) နှင့် တချို့ အစိုးရမဟုတ်သော NGO အဖွဲ့များ ရှိကြောင်း သိရသည်။

စစ်အစိုးရက ယခုအခါ ကချင် လွတ်မြောက်ရေး အဖွဲ့(KIO) နှင့် UWSA ဒေသတလျှောက်တွင် စစ်အင်အား ခန့်မှန်းခြေ (၇၀၀၀၀) ကျော် တိုးချဲ့၍ စစ်ရေးပြင်ဆင်ထားကြောင်း ဧရာဝတီ သတင်းဌာနက စုံစမ်းသိရှိရသည်။

UWSA တပ်မဟာ ၄၁၈ ထိန်းချုပ်ဒေသ အနီးတွင် တပ်မ ၃၃နှင့် တပ်မ ၇၇ တို့ကို အင်အားဖြည့်ထားပြီး လာရှိုး ၊ တန့်ယန်းနှင့် မိုင်းရှူးမြို့နယ်များတွင် တပ်မ ၇၇ နှင့် ၉၉ ၊ သံလွင်မြစ် အနောက်ဘက် မော်ဖ ဒေသတွင် တပ်မ ၅၅ နှင့် ဒေသခံတပ်များနှင့် ပြည် သူ့ စစ်များကိုလည်း အင်အား ဖြည့်ထားကြောင်း နယ်စပ်ဒေသ သတင်းများအရ သိရသည်။

စစ်အစိုးရက တောင်းဆို ထားသည့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ပျက်ကွက်ပါက အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို မတရားအသင်း အဖြစ် ကြေညာနိုင်ကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။

ယခု အခြေအနေမှာ ပွင့်လင်းရာသီ ကုန်ဆုံးခါနီး ဖြစ်ကြောင်း၊ မိုးများသည့် မုတ်သုံရာသီတွင် စစ်ဆင်ရေး လုပ်မည် ဆိုပါက စစ် အစိုးရတပ်များ အနေဖြင့် အခက်အခဲ ရှိကြောင်း၊ UWSA တပ်ဖွဲ့ အနေဖြင့် ထိပ်တိုက် ရင်ဆိုင်မှုမျိုးကို ပြုလုပ်မည် မဟုတ်ဘဲ ပြောက်ကျား တိုက်ခိုက်သည့် မဟာဗျူဟာကို အသုံးပြုနိုင်သည့် အတွက် စစ်ပွဲမှာ ကြာရှည်နိုင်ကြောင်း တရုတ် မြန်မာနယ်စပ် ရှိ စစ်ရေး အကဲခတ်များက ဆိုသည်။

စစ်အစိုးရက အပစ်ရပ်တပ်ဖွဲ့များကို နယ်ခြားစောင့်တပ်ပြောင်းလဲဖွဲ့စည်းရေး အတွက် ၂၀၀၉ ခုနှစ် ဧပြီလကတည်းက စတင်ခဲ့ သော်လည်း ယခုအချိန်အထိ ကချင်ပြည်သစ် တပ်မတော် NDA-K ၊ ကယားပြည်နယ် အထူးဒေသ ၂ (ကလလတ)၊ ကိုးကန့် အထူးဒေသ ၁နှင့် ကချင် ကာကွယ်ရေး တပ်မတော် (KAD) တို့သာ နယ်ခြား စောင့်တပ်အဖြစ် ပြောင်းလဲခဲ့ပြီးဖြစ်သည်။

၁၉၈၉ ခုနှစ်မှစတင်၍ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၁၇ ဖွဲ့ရှိသည်။

No comments: